ရဲစခန်​းဖုန်​းသို့ ဖုန်​းဆက်​ဆဲဆိုသူအား ဆက်​သွယ်​​ရေးဥပ​ဒေဖြင်​့ အမှုဖွင်​့အ​ရေးယူ

ရဲစခန်​းဖုန်​းသို့ ဖုန်​းဆက်​ဆဲဆိုသူအား ဆက်​သွယ်​​ရေးဥပ​ဒေဖြင်​့ အမှုဖွင်​့အ​ရေးယူ

ပခုက္ကူ ၊ မတ်လ ၆ ။                      ။ ပခုက္ကူမြို့မရဲစခန်း၏ Hot Line ဖုန်းအား ဖုန်းဆက်ဆဲဆိုသူ လူငယ် ၃ ဦးအား မတ်လ ၆ရက်နေ့က ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပခုက္ကူမြို့မရဲစခန်းမှ သိရသည်။

မတ်လ ၆ရက်နေ့ နံနက် ၃နာရီဝန်းကျင်တွင် ပခုက္ကူမြို့မရဲစခန်း ဖုန်းနံပါတ် ၀၆၂-၂၁၅၀၄ Hot Line 199 ဖုန်း နံပါတ်အား ဆက်သွယ်ကာ တာဝန်ကျ ရဲအရာရှိကို ဆဲဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"သူတို့က ပခုက္ကူရွှေချောင်းတံတားပေါ်မှာ ရှိတယ်။ မူးယစ်ရမ်းကားမှုနဲ့ ထောင်ကျချင်လို့ လာဖမ်း ဆိုပြီးပြောတယ်။ တာဝန်ကျရဲအရာရှိက မနှောက်ယှက်ဖို့နဲ့ ၊ ဒီဖုန်းက ပြည်သူတွေအကူအညီတောင်းရင် ချက်ချင်းဆောင်ရွက်ကူညီဖို့ တပ်ဆင်ထားတဲ့ဖုန်းဖြစ်တယ်ဆိုတာ ရှင်းပြတယ်။ အဲ့ဒါကို ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာ ခဲ့တယ်"ဟု အမှုစစ်ရဲအရာရှိက ပြောသည်။

ထို့ကြောင့် ရွှေချောင်းတံတားပေါ်တွင် သွားရောက်စစ်ဆေးခဲ့ရာ လူငယ် ၃ဦး တွေ့ရှိခဲ့ရပြီး ယင်းတို့၏ လက်ကိုင်ဖုန်းတွင် Hot Line ဖုန်းကို ခေါ်ဆိုထားကြောင်း တွေ့ခဲ့ရသည်ဟု သိရသည်။

"မနက် ၄ နာရီဝန်းကျင်က ရွှေချောင်းတံတား ပေါ်မှာ လူငယ် ၃ဦး ကို လှည့်ကင်းအဖွဲ့က တွေ့လို့ သူတို့ကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်းကို စစ်ဆေးကြည့်တဲ့အခါမှာ Hot Line ဖုန်းကို ၃ ကြိမ်ခေါ်ထားတာတွေ့ထားတယ်"ဟု တာဝန်ကျ ရဲအရာရှိက ပြောသည်။

အဆိုပါ လူငယ် ၃ ဦးကို ပခုက္ကူမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ဆက်သွယ်ရေးကွန်ယက်အသုံးပြု၍ ဆဲဆိုသူ လူငယ်များအား တာဝန်ကျ ရဲအရာရှိက တရားလိုပြုလုပ်တိုင်ကြားထားကာ ပခုက္ကူမြို့မရဲစခန်း၌ (ပ)၆၉၅/၁၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)/၇၉ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly