ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်တွင် ပြိုကျခဲ့သည့်ဘုရားမှာ ဘက်စုံပြန်လည်ပြုပြင်ထားသော ဘုရားဟု ဆို

ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်တွင် ပြိုကျခဲ့သည့်ဘုရားမှာ ဘက်စုံပြန်လည်ပြုပြင်ထားသော ဘုရားဟု ဆို
ဓာတ်ပုံ-ပြည့်ဖြိုးကျော်

ပုဂံ၊ မတ်လ ၅ ရက် ။                ။ ယမန်နေ့ မတ်လ ၄ ရက်နေ့က ပုဂံဒေသမှာ ဘုရားအမှတ်( ၁၀၆၆) ပြိုကျခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ဘက်စုံပြန်လည်ပြုပြင်ထားသော ဘုရားဖြစ်ကြောင်း ပုဂံရှေးဟောင်းသုတေသနဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြောသည်။

"၁၀၆၆ ပြိုသွားတယ်လို့ ကျွန်တော်တို့ဆီကို ပြိုသွားတယ်လို့ သတင်းရတာက မတ်လ ၄ရက်နေ့ ၁၂ နာရီဝန်းကျင်လောက်က သိရတာပါ။ သတင်းရရခြင်း အဖွဲ့လိုက်ကွင်းဆင်းကြတယ်"ဟု ပုဂံရှေးဟောင်းသုတေသနဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြောသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ စိမ်းညက်ညီအစ်မ ဘုရား၏ အနောက်တောင်ဘက်ရှိ ၁၉၉၆ နောက်ပိုင်းတွင် ပြန်လည်ပြု ပြင်ထား သောဘုရားအမှတ် ၁၀၆၆ သည် မတ်လ ၄ရက်နေ့  ၁၂နာရီ ၄၅ မိနစ်ခန့်က  ပြိုကျမှုဖြစ်ပွားကာ ၇၀ရာနှုန်းခန့်ပျက်စီးခဲ့ခြင်း ဖြစ်သည်။ 

"ဒီဘုရားက ၂၀၀၃ ခုနှစ်မှာ အင်္ဂါစုံပြုပြင်ဆောင်ရွက်ထားတဲ့ဘုရား။ နဂိုကတော့ အုတ်ကုန်း။ အုတ်ကုန်းကို ရှေ့က မုဒ်ဘဲ ကျန်တယ်။ နောက်ပိုင်းက တိုက်မပိုင်းက အသစ်ပြန်တည်ထားတာပါ"ဟု ဦးစိုးစိုးလင်းက ဆိုသည်။

ပြိုကျရသည့် အကြောင်းအရင်းတွင် အသစ်ပြုပြင်မှုနှင့် အဟောင်းကြား မဆက်စပ်မှုကြောင့်တစ်ကြောင်း၊  အပေါ်အလေးဝန် မခံနိုင်၍ အလေးဝန်ကြောင့် ပြန်လည်ပြုပြင်ထားသော နံရံအသစ် ၃ ဘက် ပွင့်ကျခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနမှ  ကောက်ချက်ချထားသည်။ 

"အသစ်ပြန်တည်လိုက်တာက အဟောင်းနဲ့အသစ်မဆက်စပ်တာရယ် ဝိတ်များတာရယ် ၂၀၁၆ခုနှစ်ငလျှင်ဒဏ်ခံရတာရယ် ရာသီဥတုဒဏ်ခံရတာရယ် အဲ့တာတွေကြောင့်အတွင်းအား ကြေပြီးတော့ မမြင်နိုင်တဲ့အတွင်းဒဏ်ရာများကြောင့်ပြိုကျသွားတာပါ"ဦးစိုးစိုးလင်းက ပြောသည်။ 

ဘုရားအမှတ် (၁၀၆၆ )သည် ၁၉၉၆ခုနှစ် နောက်ပိုင်းတွင် ပြုပြင်ထားသော ဘုရားပုထိုးလည်း ဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် ဘက်စုံပြုပြင်ခဲ့ကာ ၂၀၁၆ ငလျင် ထိခိုက်မှု၌လည်း နံရံများကွဲအက်ထား၍ ပြန်လည်ပြုမှု၏ တတိယ ဦးစားပေး စာရင်းတွင်ပါရှိခဲ့ပါသည်။ထို့ကြောင့် ၂၀၁၇ မေလတွင် အရေးပေါ် ထိန်းသိမ်းရေး ဆောင်ရွက်မှုအနေဖြင့် သံခါးပတ်များပါတ်ထားခြင်း၊ရေပိတ်လွှာလောင်းထားခြင်းများကို ဆောင်ရွက်ထားသည်ဟု ရှေးဟောင်းသုတေသနဌာနမှ သိရသည်။ 

လက်ရှိတွင် အဆိုပါ ဘုရားအမှတ် (၁၀၆၆ ) အား လက်ရှိအချိန်၌ သန့်ရှင်းရေး ပြုလုပ်နေပြီး ရှေးဟောင်းဘုရားများပြန်လည်ပြုပြင်ရာတွင် အဟောင်းများပါ ထိခိုက်သည့် အခက်အခဲများရှိနေသည့်အတွက် အဟောင်းအတိုင်းသာ ဆက်လက်ထိန်းသိမ်းသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly