FDA ဝန်ထမ်းအမျိုးသမီးအား မုဒိမ်းမှုကျူးလွန်ခဲ့သည့်အချက် ခိုင်လုံသော အထောက်အထားမတွေ့ရှိဟု တရားခံရှေ့နေပြော

FDA ဝန်ထမ်းအမျိုးသမီးအား မုဒိမ်းမှုကျူးလွန်ခဲ့သည့်အချက် ခိုင်လုံသော အထောက်အထားမတွေ့ရှိဟု တရားခံရှေ့နေပြော

ရန်ကုန်၊ မတ်လ ၅ ။                    ။ FDA ဝန်ထမ်းဒုတိယဦးစီးမှူး အမျိုးသမီးအား မျိူးဇော်ဦးက မုဒိမ်းကျင့်မှုကျူးလွန်ခဲ့သည်ဆိုသော အချက်နှင့် ပတ်သက်ပြီး ခိုင်လုံသော သက်သေအထောက်အထား မတွေ့ရကြောင်း မျိုးဇော်ဦး(ခ) ဆီဒိုးနားဘက်မှ လိုက်ပါ ဆောင်ရွက်သူ အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။

ယနေ့ မတ်လ ၅ ရက်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် မျိုးဇော်ဦး(ခ) ဆီဒိုးနားဆိုသူကို ၃ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလို ဒုရဲအုပ်ယာချမ်းမြေ့အောင်အပါအဝင် တရားခံနှင့် သက်သေခံပစ္စည်းများသိမ်းဆည်း ရာတွင်ပါဝင်ခဲ့သူ ရဲအုပ်အောင်ကိုသက်၊ ရဲအုပ်အောင်ကိုဝင်းနှင့်  ဒုရဲအုပ် ဝင်းခိုင်တို့ ၄ ဦးကို စတင်စစ်ဆေးခဲ့ သည်။

ထိုသို့ စစ်ဆေးခဲ့ရာတွင် နှစ်ဖက်ရှေ့နေများက ရဲသက်သေများကို အပြန်အလှန်မေးခွန်းများမေးမြန်းခဲ့ရာ သေဆုံးသူအမျိုးသမီး၏ မအင်္ဂါနှင့် မျိုးဇော်ဦးဆိုသူ၏ လုံချည်တွင် သုက်ပိုးတွေ့ရှိခဲ့ခြင်းမရှိဟု ထွက်ဆိုခဲ့ ကြောင်း အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက တရားခွင်မှအထွက် မီဒီယာများသို့ ဖြေကြားခဲ့သည်။

 “ဆေးစာအရ အမျိုးသမီးရဲ့ အင်္ဂါမှာလည်း သုက်ပိုးမတွေ့ဘူး။ ခန္ဓာကိုယ်မှာလည်းမတွေ့ဘူး။ အမျိုးသား လုံချည်မှာလည်း သုက်ပိုးတွေ့တယ်လို့ မပါဘူး။ ရဲအားလုံးထွက်ချက်မှာလည်း မပါဘူး။ သားမယားပြု ကျင့်တယ်လို့တာပြောတာ အထောက်အထားက မခိုင်လုံဘူးဆိုတာတွေ့ရတယ်”ဟု ဟု မျိုးဇော်ဦး(ခ) ဆီဒိုးနားဘက်မှ လိုက်ပါ ဆောင်ရွက်သူ အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။

မျိုးဇော်ဦးဆိုသူကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် သေဒဏ်ထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရာဇသတ် ကြီးဥပဒေပုဒ်မ- ၃ဝ၂ အပါအဝင် ပုဒ်မ ၃၉၄၊ ၃၇၆၊ ၃၇၇ တို့ဖြင့် ယနေ့ မတ်လ ၅ နေ့မှစပြီး တရားလိုပြ သက်သေများကို စစ်ဆေးနေခြင်းဖြစ်သည်။

“ အခုလောလောဆယ် စစ်ဆေးပေါ်ပေါက်ချက်အရ ဒီအမှုမှာ တရားခံမျိုးဇော်ဦးဟာ လူသတ်မှု ကျူးလွန် တာတော့ မှန်တယ်။ သို့သော် ဥပဒေဘောင်အတွင်းက လူသေမှုဘက်ကို ကြိုးစားပြီးတော့ဆွဲကြည့်တယ်။ နောက်တစ်ချက်က သူူဟာ မုဒိမ်းမှုကျူးလွန်တယ် ဘာအထောက်အထားမှ ခိုင်လုံတဲ့အထောက်အထားမှ မတွေ့ရဘူး။ ဆေးစာတွေမှာလည်း မတွေ့ရဘူး။ အဲ့ဒါ အမှုကို ဒီနေ့ စစ်တော့မှ ပေါ်ပေါက်တယ်”ဟု ဦးမောင်မောင်စိုးက ပြောသည်။

အဆိုပါအမှုအား လာမည့် မတ်လ ၁၂ ရက်နေ့ကို ၄ ကြိမ်မြောက်ရုံးချိန်းအဖြစ် ချိန်းဆိုလိုက်ပြီး ယင်းရုံးချိန်း တွင်လည်း တရားလိုပြသက်သေများကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

FDA ဝန်ထမ်းဒုတိယဦးစီးမှူး အမျိုးသမီး မုဒိမ်းကျင့် သတ်ခံရမှုနှင့် ပတ်သက်ပြီး ရဲစွဲချက်အရ တရား လိုပြ သက်သေ ၃၅ ဦးထိ တရားရုံးတွင် တင်သွင်းထားပြီး တရားလိုပြသက်သေ ၄ ဦးကို စစ်ဆေးပြီး စီးခဲ့ပြီဖြစ် သည်။

FDA ဝန်ထမ်းအမျိုးသမီးမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂ဝ ရက်နေ့၊  ညနေပိုင်းအချိန်က လှည်းတန်းမှ နေအိမ်သို့ ကားငှားပြန်ရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၁ ရက်၊ နံနက် ၆ နာရီခွဲခန့်အချိန်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ငမိုးရိမ် ချောင်းဘေးတွင် ဝဲပါး၊ လည်ပင်းဖူးရောင်ညိုမဲ၊ လည်ပင်းရှေ့ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ မိန်းမအင်္ဂါသွေး ထွက် ဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းအမျိုးသမီးသေဆုံးမှုနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်ခဲ့သူကို ဇန်နဝါရီလ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီ အချိန် တွင် သက်သေခံပစ္စည်းဆမ်ဆောင်းလက်ကိုင်ဖုန်းနှင့်အတူ မင်္ဂလာဈေးအတွင်း မင်္ဂလာတောင်ညွန့် မြို့မ ရဲ စခန်း၊ နယ်ထိန်းအရာရှိ ရဲအုပ်သန်းဝင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်ခဲ့သူမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ပတ္တမြားလမ်း၊ (၃၃) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် တက္ကစီယာဉ်မောင်း မျိုးဇော်ဦးဆိုသူဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ခရိုင် ၄ ခရိုင်ပူးပေါင်းပြီး စုံစမ်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly