အင်ဒိုနီးရှား၏ ပထမဆုံးကျည်ဆန်ရထားတည်ဆောက်ခွင့်ရရေး တရုတ်နှင့် ဂျပန် အပြင်းအထန်ယှဉ်ပြိုင်

အင်ဒိုနီးရှား၏ ပထမဆုံးကျည်ဆန်ရထားတည်ဆောက်ခွင့်ရရေး တရုတ်နှင့် ဂျပန် အပြင်းအထန်ယှဉ်ပြိုင်

ဂျာကာတာ၊ သြဂုတ် ၂၆ ။        ။ အင်ဒိုနီးရှား၏ ပထမဆုံးကျည်ဆန်ရထားတည်ဆောက်ခွင့်ရရေး တရုတ်နှင့် ဂျပန်တို့ အပြင်းအထန်ပြိုင်ဆိုင်လျက်ရှိပြီး ဂျာကာတာကို စည်းရုံးရန်အချိန် နည်းလာသည်နှင့် လက်ခံနိုင်သော သဘောတူညီချက်များဖြင့် ဆွဲဆောင်လျက်ရှိသည်။

အခြေခံအဆောက်အအုံငွေကြေးပံ့ပိုးမှု၏ အဓိကအရင်းအမြစ်အဖြစ် အရှေ့တောင်အာရှတွင် ဂျပန်၏ ရေရှည်လွှမ်းမိုးမှုကို တရုတ်က စိန်ခေါ်လျက်ရှိစဉ် ယခုကြီးမားသည့် စီမံကိန်းကြီးအတွက် ပြိုင်ဆိုင် မှုမှာရုတ်တရက်ပြင်းထန်လာသည့် နောက်ဆုံးဖြစ်စဉ်ဖြစ်သည်။ ယခုနှစ်အစောပိုင်းက တရုတ်၏ကမ်းလှမ်းမှု ဝင်မလာချိန်အထိ အင်ဒိုနီးရှား၏ မြန်နှုန်းမြင့်ရထားလမ်းတည်ဆောက်ရန် ဂျပန်က ဆုံးဖြတ် ထားဟန်ရှိသည်။ ဂျပန်သည် အင်ဒိုနီးရှားတွင် မော်တော်ကား၊ သတ္တုတွင်းလုပ်ငန်းများတွင် ကြီးမားသည့်ရှယ်ယာများဖြင့် အင်ဒိုနီးရှား၏ ထိပ်တန်း နံပါတ်- ၃ရင်းနှီးမြုပ်နှံသူဖြစ်သည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် အင်ဒိုနီးရှား၏ သက်တမ်းရင့်နေသော အခြေခံအဆောက်အအုံကို အစအဆုံးပြောင်းလဲရာတွင် ဒေါ်လာဘီလျံများစွာလိုအပ်မည်ဖြစ်ရာ များစွာလိုအပ်မည့် ရင်းနှီးမြုပ်နှံမှု ကို ရရှိရန် ကြိုးပမ်းသည့် အနေဖြင့် ဧပြီလက တရုတ်နှင့် ဂျပန်တို့သို့ ခရီးစထွက်စဉ် အာရှအင်အားကြီးနိုင်ငံကြီးနှစ်ခု၏ ပြိုင်ဆိုင်မှုစိတ်ဓါတ်ကို ဆွပေးခဲ့သည်။

ဂျိုကိုဝီဒိုဒိုသည် ပေကျင်းနှင့် တိုကျိုနှစ်မြို့စလုံးတွင် ကျည်ဆန်ရထားများပေါ်တက်ကာ အင်ဒိုနီးရှား၏ မြန်နှုန်းမြင့်ရထားအတွက် ၎င်း၏စိတ်ကူးရည်မှန်းချက်ကို ကြေညာခဲ့သည်။ ၎င်းအမြန်ရထားလမ်းမှာ ကျယ်ပြန့်စွာရှိနေသည့် မြို့တော်ဂျာကာတာနှင့် တက္ကသိုလ်များနှင့် အိုင်တီကျွမ်းကျင်မှုအတွက် နာမည်ကျော်သော တောင်စွန်းရှိမြို့ ဘန်ဒေါင်းကို ဆက်သွယ်သည့်လမ်းဖြစ်ပြီး ကီလိုမီတာ ၁၆၀ (မိုင် ၁၀၀) ကွာဝေးသည်။

ဧပြီလကတည်းကပင် ဝီဒိုဒိုအစိုးရထံမှ ထိုကန်ထရိုက်ရရှိရေးအတွက် တိုကျိုနှင့် ပေကျင်းမှ သံတမန်များ ဂျာကာတာသို့ အကြိမ်များစွာလာရောက်သည်။ " အင်ဒိုနီးရှားမှာ ရင်းနှီးမြုပ်နှံဖို့ သူတို့ပြိုင်ဆိုင်ပါစေ။ ဒါက ကျွန်တော်တို့အတွက် ကောင်းပါတယ်။ လိုချင်တဲ့ ယောကျားလေးတွေဝိုင်းဝိုင်းလည်နေတဲ့ မိန်းကလေးတစ်ယောက်လိုပေါ့၊ နောက်တော့ ကောင်မလေးက သူကြိုက်တာသူရွေးမှာပေါ့ " ဟု ဝီဒိုဒို၏ အနီးကပ်လက်ထောက်တစ်ဦးဖြစ်သူ လူဟပ်ပန်ဂျိုင်တန်က ပြောသည်။

ရထားလမ်းပြီးစီးပါက ဂျာကာတာနှင့် ဘန်ဒေါင်းကြား ခရီးသွားချိန်လွန်စွာလျော့ကျရုံမက မြို့တော်နှင့် အရှေ့ဂျာဗားရှိ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာကိုချိတ်ဆက်သည့် ကွန်ယက်ကျယ်ပြန့်ရေး အတွက် လည်း လမ်းခင်းပေးမည်ဖြစ်သည်။ သြဂုတ် ၃၁ရက်မတိုင်မီအထိ ရင်းနှီးစွာညိနှိုင်းမှုများပြုလုပ်မည်ဖြစ်ပြီး ထိုနေ့တွင် ကန်ထရိုက်ရရှိသူကို ဝီဒိုဒိုက ကြေညာလိမ့်မည်ဟု မျှော်လင့်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly