အဂတိလိုက်စားမှုတိုင်စာများထဲတွင် ရဲများအများဆုံးတိုင်ခံရ

အဂတိလိုက်စားမှုတိုင်စာများထဲတွင် ရဲများအများဆုံးတိုင်ခံရ

ရန်ကုန်၊ မတ် ၅ ။             ။ အဂတိလိုက်စားမှုကော်မရှင်အသစ်တာဝန်ယူပြီး သုံးလတာကာလအတွင်း တိုင်စာပေါင်း(၁၅၀၀) နီးပါးလက်ခံရရှိပြီး ၎င်းတိုင်ကြားစာများတွင် ရဲများကိုမကျေနပ်၍   ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုင်ကြားသည်မှာ အများဆုံးဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီ၏ အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်က ပြောသည်။ သို့သော်၎င်းတိုင်ကြားစာ (၁၅၀၀)ကျော်ထဲတွင် အမှန်တကယ်အဂတိ လိုက်စားကြောင်းဘောင်ဝင်သည့် တိုင်ကြားစာမှာ (၉)စောင်သာရှိကြောင်း ဒေါ်လဲ့လဲ့သွင်က ပြောပြသည်။

 အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ရုပ်မြင်သံကြားပညာပေးအစီစဉ် ထုတ်လုပ်နိုင်ရန်အတွက် မတ်(၅)ရက်နေ့၊ ပုံနှိပ်နှင့်ထုတ်ဝေဌာန၌ ပြုလုပ်သည့်ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

"အဓိကအတိုင်ခံရဆုံးဌာနကတော့ Public နဲ့ဆက်ဆံရတာပြည်ထဲရေးပေါ့နော်။ ပြည်ထဲရေးကရဲတွေရဲ့လုပ်ဆောင်ချက်ပေါ့။ တရားရုံးမှာတရားရင်ဆိုင်တဲ့ တရားသူကြီးရယ်   ရှေ့နေတွေရဲ့လုပ်ဆောင်ချက် ဒါမျိုးတွေလည်းများပါတယ်"ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မတီအဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်က ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနသို့ အဂတိလိုက်စားမှုနှင့်ပတ်သတ်၍ အများဆုံးတိုင်စာပို့ခဲ့သည်ဟုဆိုသော်လည်း တိုင်ကြားစာရရှိခဲ့မှုအရေအတွက်အတိအကျကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။

 "ပြည်ထဲရေးကို တိုင်တယ်ဆိုတာ ဒီလိုပါ ။ ပြောရလို့ရှိရင်တော့ စခန်းမှူးတို့ဘာတို့ပေါ့ကွယ် ။ ဒါတွေကဒီမှာလည်း လူတကာသိပါတယ်။ တချို့ကျတော့လည်း ချုပ်နှောင်ထားတာတွေ ရမာန်ရက်ပြည့်ရဲ့သားနဲ့မလွတ်ပေးတာမျိုးပေါ့"ဟု ဒေါ်လဲ့လဲ့သွင်ကပြောသည်။

 တခြားသော တိုင်ကြားမှုများထဲတွင် ဌာနအတွင်းစီမံအုပ်ချုပ်မှုဆိုင်ရာတိုင်စာများ၊ မြေယာစီမံခန့်ခွဲမှုတိုင်စာများပါဝင်နေသည်။

 အဂတိလိုက်စားမှုများဖြစ်ပေါ်နေသည့်အကြောင်းအရင်းများအပေါ် ဒါရိုက်တာဒေါ်ဆွေဇင်ထိုက်က အရှက်တရားမရှိမှုကြောင့်ဖြစ်သည်ဟု သုံးသပ်ပြောကြားသည်။

 "မရှက်တတ်လို့ လူတွေက အကြောက်တရားနဲ့နေလာတာ ကြာပြီလေ။ ကြောက်ရင်သာမလုပ်တာ ရှက်လို့မလုပ်ဖူးဆိုတာ မရှိဘူး။ စည်းကမ်းကိုဖောက်တဲ့လူဟာလူစွမ်းကောင်းလို့ဆိုပြီး တလွဲတန်ဖိုးထားမှုကရှိသေး။ ဒါကြောင့်မို့ ကျွန်မတို့ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်အောင် အရင်ဆုံးသင်ယူကြရမှာ ဖြစ်ပါတယ်"ဟု ဒါရိုက်တာဒေါ်ဆွေဇင်ထိုက်ကပြောသည်။

 ၂၀၁၇ခုနှစ် အောက်တိုဘာလ ၂၄ရက်နေ့မှ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်နေ့အထိစာရင်းများအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာပေါင်း (၁၅၈၄)ခုလက်ခံရရှိခဲ့သည်။ ၎င်းတို့ထဲတွင် အဂတိလိုက်စားကြောင်းတိုင်စာ (၉)မှု၊ စီမံအုပ်ချုပ်မှုလွဲမှားခြင်း (၁၅၄)မှု၊ မြေယာစီမံခန့်ခွဲမှု (၁၀၁)မှု၊ တရားရင်ဆိုင်ဆဲအမှု (၁၃၀)မှု၊ ဌာနအတွင်းပုဂ္ဂိုလ်ရေးမမှန်မကန်မှု (၄၀၉)မှု၊ စီစစ်ဆဲအမှု (၇၈၁)မှု စသည်တို့ပါဝင်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly