ငြိမ်းစုစီဥပဒေပြင်ဆင်ချက်အား အရပ်ဖက်အဖွဲ့အစည်း ၂၀၀ နီးပါးကန့်ကွက်

ငြိမ်းစုစီဥပဒေပြင်ဆင်ချက်အား အရပ်ဖက်အဖွဲ့အစည်း ၂၀၀ နီးပါးကန့်ကွက်

 

ရန်ကုန်၊ မတ် ၅ ။              ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ထပ်မံပြင်ဆင်သည့် ငြိမ်း၊ စု၊ စီ ဥပဒေဟုခေါ် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းအား အရပ်ဖက်အဖွဲ့အစည်း ၂၀၀ နီးပါးက ထုတ်ပြန်စာတစ်စောင်ထုတ်ပြန်ကာ ပူးပေါင်း ကန့်ကွက်လိုက်ကြသည်။

အဆိုပါဥပဒေမူကြမ်းကို ပြီး ခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့က အမျိုးသားလွှတ်တော် အစည်းဝေးတွင် ဥပဒေကြမ်းကော်တီမှ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ယခုထပ်မံပြင်ဆင်သည့် ဥပဒေကြမ်းတွင်အဓိကပြင်ဆင်ချက် (၃) ချက်ပါဝင်နေပြီး အချို့ အချက်မှာတိကျသောအဓိပ္ပာယ်ဖွင့်ဆိုချက်မရှိသည့်အချက်၊ ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုပါ တင်ပြရမည့်အချက်နှင့် မူရင်းဥပဒေပါ အမြင့်ဆုံးပြစ်ဒဏ်ထက် အဆများ စွာပိုမိုနေ သည့်အချက်တို့ဖြစ်ကြောင်း အရပ်ဖက် ၁၈၂ ဖွဲ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့် ပက်သက်ပြီး “ NLD အကျပ်အတည်းကာလတုန်းကလည်း အလှူရှင်တွေရှိတာပဲ။ အလှူရှင်နာမည်မခံလည်းရတယ်လေ။ ဒီလိုပဲလုပ်လာ ခဲ့တာပဲ။ ဒီဥပဒေက အချက် ၃ ချက်ပါပြီးတော့ တော်တော်ဆိုးဝါးတဲ့ကိစ္စမို့လို့ အန်တီတို့ကဒါကို ကန့်ကွက်တာ။ လူထုတွေကိုဒီမိုကရေ စီလမ်းကြောင်း ပေါ်မတင်ပေးဘဲနဲ့ ရတဲ့အခွင့် အရေးတောင်ရိုက်ချိုးပစ်လိုက်တာမျိုးတော့ မဖြစ်စေချင်ဘူးလေ။ နိုင်ငံသားအခွင့်အရေးအရ ရထားပြီးသားဆိုပေမယ့်လို့ တကယ့် တကယ်ကျတော့ ဥပဒေတွေထုတ်တဲ့အခါမှာ ပိုဆိုးလာတဲ့ပြဿနာတွေကြုံလာရတယ် “ ဟု အရပ်ဖက် ၁၈၂ ဖွဲ့၏ ဦးဆောင်ကော်မတီအဖွဲ့ဝင် နော်အုန်းလှကပြောသည်။

ယခင်ကစုဝေးခြင်း သို့မဟုတ် စီတန်းလှည့် လည်လိုသူများသည် ပြုလုပ်မည့်အစီအစဉ်၊ ခန့်မှန်း လူဦးရေကိုသာ သက်ဆိုင်ရာသို့ တင်ပြရမည် ဖြစ်သော်လည်း အခုအခါတွင် ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုပါ တင်ပြရမည်ဟု ဥပဒေမူကြမ်းတွင် ပြင် ဆင်ထား သည်။

ဥပဒေ အခန်း ၇ ပြစ်မှု၊ ပြစ်ဒဏ်တွင် လည်း ပုဒ်မ ၁၈ အဖြစ် မည်သူမဆို နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် ပြည်သူများ၏ ကိုယ့်ကျင့်တရား အကျိုးတို့ကို ပျက်ပြားစေရန်အကြံဖြင့် ဖြစ်စေ၊ ထိုသို့ ပျက်ပြားတန်ရာသော အခြေအနေ ဖြစ်နိုင်ကြောင်း သိလျက်နဲ့ ဖြစ်စေ၊ ငွေ သို့မဟုတ် ပစ္စည်းကိုသော် လည်းကောင်း၊ အခြားနည်းလမ်း တစ်ခုခုကိုသော်လည်းကောင်းသုံးစွဲပြီး သူတစ်ဦးဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုအောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းကို ပြုကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ချ မှတ်ရမည့်အပြင် အကန့်အသတ်မရှိသည့် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ထပ်မံဖြည့်စွက်ထားသည်။

ပုဒ်မ ၁၈ မှ လွဲပြီး ဥပဒေပါ ပြစ်မှုတစ်ခုခုကို ဖောက်ဖျက် ကျုးလွန်းလျှင် ပြစ်မှုကျုးလွန်သည့် နေ့မှစပြီး ၁၅ ရက်အတွင်း သက်ဆိုင်ရာ တရားရုံးသို့ တရားစွဲဆိုတင်ပို့ရမည်ဟုလည်း အစားထိုးထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံတောင်သူလယ်သမားအဖွဲ့၊ တောင်သူလယ်သမားနှင့် ရေလုပ်သားများအကျိုးဆောင်ကွန်ယက်၊ မြန်မာ - မီဒီယာရှေ့နေများ ကွန်ယက်၊ ရွှေမင်းသားဖောင်ဒေးရှင်း၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးကွန်ယက် အစရှိသည့်အဖွဲ့များအပါအဝင် စုစုပေါင်း အရပ်ဖက်အဖွဲ့အစည်း ၁၈၂ ခုနှင့် တစ်သီးပုဂ္ဂလထောက်ခံသူ၁၆ ဦးတို့က ထုတ်ပြန်ကာ အဆိုပါဥပဒေကြမ်းကို ကန့်ကွက်လိုက်ခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly