ရေစကြိုမီးဘေးသင့်သူများအတွက် ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန်​့ခွဲမှုဦးစီးဌာနမှ ထောက်ပံ့

ရေစကြိုမီးဘေးသင့်သူများအတွက် ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန်​့ခွဲမှုဦးစီးဌာနမှ ထောက်ပံ့

ပခုက္ကူ၊ မတ်လ ၅ ။         ။ ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာမှ မီးဘေးသင့်ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ထောက်ပံ့ပေးနေသည်ဟု သိရသည်။

ယင်းကဲ့သို့ ထောက်ပံ့ပေးရာတွင် နေအိမ်အမျိုးအစားများအပေါ်မူတည်၍ ကျပ် ၁ သိန်းမှ ၂ သိန်း ထောက်ပံ့နေကြောင်း  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ်မှ မဇ္ဈိမသို့ ပြောသည်။

"ကျွန်တော်တို့ဦးစီးဌာနက သဘာဝဘေးနဲ့အခြားဘေး သင့်တဲ့ပြည်သူတွေကို ထောက်ပံ့ပေးတဲ့အခါမှာ စည်းမျည်းစည်းကမ်းတွေနဲ့ထောက်ပံ့ပေးတယ်။ခုမီးဘေးသင့်တဲ့အခါမှာ အိမ်အမျိုးအစားအပေါ်မူတည်ပြီး အိမ်တစ်လုံးကို ၁သိန်းကနေ၂သိန်းထောက်ပံ့ပေးတယ်"ဟု သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ပြောသည်။

ထို့အပြင် ယာယီထောက်ပံ့ပေးမှုများလည်း ပြုလုပ်နေသည်ဟု သိရသည်။

"ကယ်ဆယ်ရေးပစ္စည်း ၁၀မျိုးကို မိသားစုအလိုက်ထောက်ပံ့ပေးတယ်။နောက်တခုက အစားအသောက်အတွက် ဆန် ၂ပတ်စာကို လူဦးရေအပေါ် မူတည်ပြီး ထောက်ပံ့ပေးတယ်။ကျွန်တော်တို့က မီးဘေးရယ်လို့မဟုတ်ဘူး အားလုံးကို ထောက်ပံ့ပေးတာပါ"ဟု ဒေါက်တာကိုကိုနိုင် က ဆိုသည်။

ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာအနေဖြင့် မတ်လ ၃ရက်နေ့ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၆၇ မီးဘေးသင့်ခဲ့သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။

လက်ရှိမီးဘေးသင့်ပြည်သူများအား စေတနာရှင်များ၊ပရဟိတအသင်းများ မှလည်း လှူဒါန်းထောက်ပံ့မှုများပြုလုပ်လျှက်ရှိကြသည်။

ပခုက္ကူခရိုင် ရေစကြိုမြို့နယ် သစ်ကြီးတော ကျေးရွာမှာ မတ်လ ၃ရက်နေ့ ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာအတွင်းနေအိမ်တစ်အိမ် ရှိ မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ကျေးရွာရှိနေအိမ် ၃ပုံ ၁ပုံ လောင်ကျွမ်းခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly