ဆီးကျိတ်ကင်ဆာမှာ သတိပေးလက္ခဏာတွေ ရှိသလား။

ဆီးကျိတ်ကင်ဆာမှာ သတိပေးလက္ခဏာတွေ ရှိသလား။

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်တဲ့နှုန်းကတော့ ခုနစ်ယောက်မှာ တစ်ယောက်နှုန်းဖြစ်ပါတယ်။ သူဟာ သင့်ဘဝတစ်လျှောက်မှာ ဖြစ်ချင်တဲ့အချိန် ဖြစ်လာတတ်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ ကုလို့ရသော်လည်း သူ့ရဲ့ ပြင်းထန်တဲ့ လက္ခဏာတွေ ခံစားရခြင်းကနေ ကာကွယ်ဖို့ ရောဂါကို စောနိုင်သမျှ စောစော သိရှိဖို့ လိုအပ်ပါတယ်။ စိတ်မကောင်းစွာပဲ ဆီးကျိတ်ကင်ဆာမှာ စောစောပြတဲ့ သတိပေးလက္ခဏာတွေ မရှိပါဘူး။ ဒါပေမယ့် အမျိုးသားတွေမှာ ဆီးကျိတ်နဲ့ ပတ်သက်တဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ ဘာကိုစောင့်ကြည့်ပြီး ဘယ်အချိန် ဆရာဝန်ခေါ်မလဲဆိုတာတွေကို လေ့လာထားသင့်ပါတယ်။

ဆီးကျိတ်ကင်ဆာ လက္ခဏာများ

ဆီးကျိတ်ကင်ဆာအတော်များများမှာ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်သော်လည်း ရာခိုင်နှုန်းအနည်းငယ်ကတော့ ပြင်းထန်နိုင်ပါတယ်။ ပြင်းထန်တဲ့ ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာတွေကိုတော့ ဆီးသွားချိန်မှာ ပြသပါတယ်။

ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာတွေကို ကအခြားရောဂါအခြေအနေတွေကြောင့်လဲ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါ့ကြောင့် ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ဖြစ်လာရင် ဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးဖို့ အရေးကြီးပါတယ်။

ဆီးကျိတ်ကင်ဆာ လက္ခဏာတွေကတော့
• ဆီးသွားခြင်းဆိုင်ရာ ပြဿနာများ (အထူးသဖြင့် ညအချိန်မှာ ဆီးခဏခဏသွားခြင်း)
• ဆီးသွားချင်စိတ် လွန်ကဲခြင်း
• ဆီးစတင်သွားရန် (သို့) ရပ်တန့်ရန် ခက်ခဲခြင်း
• ဆီးမသွားနိုင်ခြင်း
• ဆီးလုံး သေးခြင်း (သို့) အားမရှိခြင်း
• ပြတ်တောင်း ပြတ်တောင်းသွားခြင်း
• ဆီးမကုန်တဲ့ ခံစားချက်ရခြင်း
• ဆီးသွားစဉ် ပူလောင်နာကျင်ခြင်း
• ဆီးအတွင်း (သို့) သုက်ရည်အတွင်း သွေးပါခြင်း
• သုက်လွှတ်လျှင် နာကျင်ခြင်း တု့ိပဲ ဖြစ်ပါတယ်။

ကင်ဆာဟာ အခြားနေရာတွေကို ပြန့်ပွားသွားပြီဆိုရင်တော့ နှောင်းပိုင်း ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။
• အရိုးနာကျင်ခြင်း (နောက်ကျော၊ တင်ပဆုံ၊ ပေါင်၊ လည်ပင်း)
• ကိုယ်အလေးချိန် ကျဆင်းခြင်း
• ပင်ပန်းလွယ်ခြင်း
• သွေးအားနည်းခြင်း
• ခြေထောက် (သို့) လက် အားနည်း ၊ထုံထိုင်းခြင်း
• ဆီး (သို့) ဝမ်း မထိန်းနိုင်ဘဲ ထွက်ကျခြင်း

ဆီးကျိတ်ကင်ဆာ စမ်းသပ်စစ်ဆေးပြီး ရောဂါအမည်တပ်ခြင်းမှာ အောက်ပါအချက်တွေ ပါဝင်ပါတယ်။
• ရောဂါရာဇဝင်မေးခြင်းနဲ့ စမ်းသပ်စစ်ဆေးခြင်း – သင့်ဆရာဝန်က ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာတွေကို ရှာဖွေပါလိမ့်မယ်။ သင့်မိသားစုမှာ ဒီရောဂါ ဖြစ်ဖူးသူ ရှိမရှိလည်း မေးမြန်းနိုင်ပါတယ်။
• စအိုအတွင်း လက်ချောင်းထည့် စမ်းသပ်ခြင်း – သင့်ဆရာဝန်ဟာ လက်အိပ်စွပ်ထားတဲ့ လက်ချောင်းနဲ့ စအိုနံရံက ဆီးကျိတ်ကို စမ်းသပ်ပါလိမ့်မယ်
• Prostate Specific Antigen (PSA) စစ်ဆေးခြင်း – ဆီးကျိတ်က လုပ်တဲ့ ပရိုတင်းဓါတ် (PSA) ပမာဏ ကို စစ်ဆေးပါလိမ့်မယ်။
• အာထရာဆောင်း ရိုက်ခြင်း – ဆီးကျိတ်ပြောင်းလဲမှုတွေကို ကြည့်ဖို့ အစာဟောင်းအိမ်တွင်း အာထရာဆောင်း ရိုက်ပါလိမ့်မယ်။
• ဆီးကျိတ်ကင်ဆာ အမည်တပ်ဖို့ အသားစယူပါလိမ့်မယ်။ စအိုတွင်းလက်ချောင်းထည့်စစ်ဆေးစဉ် (သို့) အစာဟောင်းအိမ်တွင်း အာထရာဆောင်း ရိုက်စဉ် မသင်္ကာစရာတွေ့ရင် အသားစယူမှာပါ။ PSA ပမာဏများပြားရင် (သို့) ချက်ချင်း တက်လာတယ်ဆိုရင်လည်း အသားစယူနိုင်ပါတယ်။
• သွေးဖြူဥ၊ သွေးနီဥနဲ့ သွေးခဲစေသော သွေးမွှားဥ တို့ရဲ့ ပမာဏနဲ့ အရည်အသွေးကို ကြည့်ဖို့ သွေးစစ်ဆေးမှု လုပ်ပါလိမ့်မယ်။
• သွေးတွင်းဓါတု ပစ္စည်းပမာဏကို တိုင်းတာနိုင်ပါတယ်။ သူတို့ဟာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဘယ်လောက်ကောင်းကောင်း အလုပ်လုပ်သလဲ ဆိုတာနဲ့ မူမမှန်မှုတွေကို ပြသပါတယ်။
• အရိုးကို စစ်ဆေးခြင်း (Bone scan)မှာ ရေဒီယို သတ္တိကြွပစ္စည်း တွေကို အသုံးပြုပါတယ်။ သူဟာ ဆီးကျိတ်ကင်ဆာ အရိုးတွေဆီကို ပြန့်ပွားသွားပြီလားဆိုတာ သိရှိဖို့ ကွန်ပျူတာနဲ့ အရိုးတွေရဲ့ ပုံကို ဖန်တီးပေးပါတယ်။

ဆီးကျိတ်ကင်ဆာကို ဘယ်လိုကာကွယ်မလဲ

ဆီးကျိတ်ကင်ဆာကို ကောင်းမွန်တဲ့ လူမှုဘဝနေထိုင်မှုတွေ ရွေးချယ်ခြင်းနဲ့ ကာကွယ်နိုင်ပါတယ်။ အဆီနည်းတဲ့ အစားအသောက်တွေ ရွေးချယ်ပါ။ အသား၊ အစေ့၊ ဆီနဲ့ နို့ထွက်ပစ္စည်းတွေ ဖြစ်တဲ့ နွားနို့နဲ့ ချိစ့်တွေဟာ အဆီဓါတ်ပါဝင်ပါတယ်။

တိရိစ္ဆာန်ထွက်အဆီထက် အပင်ထွက်အဆီကို စားသုံးပါ။ အဆီစားသုံးခြင်းနဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုနှုန်းကို လေ့လာတဲ့ လေ့လာမှုတစ်ခုမှာ တိရိစ္ဆာန်ဆီဟာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုနဲ့ ဆက်နွယ်နေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဆီပါဝင်တဲ့ တိရိစ္ဆာန်ထွက် ပစ္စည်းတွေကတော့ အသား၊ ဝက်ဆီနဲ့ ထောပတ်တို့ ဖြစ်ပါတယ်။

ငါးစားပါ။ အဆီပါတဲ့ ငါးတွေဖြစ်တဲ့ ဆဲလ်မွန်ငါး၊ တူနာငါးနဲ့ ဟာရင်းငါးတွေဟာ အိုမီဂါ ၃ ပါဝင်ပြီး ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။ ခုအချိန်မှာ ငါးမစားနေရင်တောင် သင့်အစားအစာထဲကို ငါးထည့်စားဖို့ စဉ်းစားသင့်ပါတယ်။ အိုမီဂါ ၃ ကို သင့်အစားအစာထဲ ထည့်သွင်းစားသုံးဖို့ နောက်တစ်နည်းကတော့ Flaxseed စားသုံးဖို့ပါပဲ။

နေ့စဉ်စားသောက်တဲ့ နို့ထွက်ပစ္စည်းပမာဏကို လျှော့ချပါ။ လေ့လာမှုတွေမှာ နွားနို့၊ ချိစ့်၊ ဒိန်ချဉ် အစရှိတဲ့ နို့ထွက်ပစ္စည်းတွေ အများအပြားစားသောက်တဲ့ အမျိုးသားတွေဟာ ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်း အများဆုံးဖြစ်တာ တွေ့ရပါတယ်။ ဒါပေမယ့် သုတေသန ရလဒ်တွေက ရောထွေးနေပြီးတော့ နို့ထွက်ပစ္စည်းတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ရောဂါဖြစ်နှုန်းကတော့ နည်းပါးတယ်လို့ ထင်ရပါတယ်။
သင့်မှာ ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိနေခဲရင် နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်း (သို့) အသီးအရွက်အစရှိတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားသုံးခြင်းနဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားခြင်းဟာ သင့်ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးပြီး အလေးချိန်လျှော့ချခြင်းမှာပါ အကူအညီပေးပါတယ်။

လေ့ကျင့်ခန်းနဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနှုန်းလေ့လာနေတဲ့ လေ့လာမှုတွေအတော်များများက လေ့ကျင့်ခန်းဟာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနှုန်းလျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ခြင်းဟာ အခြားကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရှိပြီးတော့ သင့်ရဲ့ နှလုံးရောဂါဖြစ်ပွားမှုနဲ့ အခြားကင်ဆာဖြစ်ပွားမှုနှုန်းတွေကို လျှော့ချပေးပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly