ကလေးတစ်ယောက်ပဲမွေးခြင်းသည် ဘာကြောင့် အဆင်ပြေတာလဲ

ကလေးတစ်ယောက်ပဲမွေးခြင်းသည် ဘာကြောင့် အဆင်ပြေတာလဲ

ရေးသားသူ Dr. K Zin Thwe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

ယနေ့ခေတ်တွင် စုံတွဲအများစုသည် ကလေးတစ်ယောက်ပဲမွေးဖို့ ရွေးချယ်လာကြသည်။ ထိုသို့ဆုံးဖြတ်ခြင်းသည် မိဘများ၏ တစ်ကိုယ်ကောင်းဆန်မှုလား။ သူတို့မှားသည်၊မှန်သည်ကို ဝေဖန်ဖို့ ခက်ခဲပါသည်။

ဤဆောင်းပါးတွင် မိဘများဘာကြောင့် ကလေးတစ်ယောက်တည်း မွေးဖို့ ဆုံးဖြတ်ကြသလဲဆိုသော အကြောင်းရင်းအချို့ကို သင်ရှာတွေ့ပါလိမ့်မည်။ သင်လည်း အလားတူအတွေးမျိုး ရှိကောင်းရှိနေနိုင်ပါသည်။

ပိုပြီး အဓိပ္ပါယ်ပြည့်စုံသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခြင်း

ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခြင်းသည် လူတိုင်းအတွက် အရေးပါသော အရာတစ်ခုဖြစ်သည်။ အခြားကလေးများသည် ဆော့ကစားဖို့ မောင်နှမများရှိကြစဉ် တစ်ဦးတည်းသော သင့်ကလေးများသည် သွေးသားရင်းချာမဟုတ်သော သူငယ်ချင်းများစွာကို တွေ့ရှိပြီး သူတို့၏ မောင်နှမ ဖြစ်လိုစိတ်ရှိလာသည်။ တစ်ခါတစ်ရံတွင် ထို သူငယ်ချင်း ဆက်ဆံရေးသည် ပိုမိုလေးနက်လာပြီး ဂရုစိုက်မှုပိုရှိလာသည်။ ထိုအခွင့်အရေးသည် အခြားကလေးများမှာ မရှိသော သိသာသည့် ရင့်ကျက်မှုတစ်ခု ဖွံ့ဖြိုးဖို့ အခွင့်အရေးဖြစ်သည်။

အိမ်တွင် သာတူညီမျှမှုကို ခံစားရခြင်း

တစ်ဦးတည်းသော ကလေး၏ မိဘဖြစ်ရခြင်းသည် သူတို့လေးတွေ၏ မိဘဖြစ်ရုံသာမက သူငယ်ချင်းလည်းဖြစ်လာသည်။ သူတို့လေးတွေကို လူကြီးသူမများအား ဘယ်လို ရိုသေလေးစားမှုပေးဖို့ ဘယ်လောက်အရေးကြီးသလဲ ဆိုတာ သင်ကြားပေးပါ။ ထို့ပြင် ကလေးတွေကို သူတို့လဲ ဘယ်လိုမျိုး လေးစားမှုကို ပြန်ခံရတယ်ဆိုတာ သိရှိပါစေ။

ဥပမာ။  ။ အားလပ်ရက် ပျော်ပွဲစား၊ အိမ်အလှဆင်ခြင်း စသည်တို့ အတွက် သင့်ကလေးဆီက အကြံဉာဏ်အချို့တောင်းပါ။ နားထောင်ပေးပါ။ သင့်ကလေးသည် အိမ်တွင် အရေးကြီးသော ကဏ္ဍတစ်ခုမှ ပါဝင်နေသည်ဟု ခံစားရမည်ဖြစ်ပြီး မှန်ကန်အောင် ကြိုးစားလိမ့်မည်။ အိမ်တွင် သာတူညီမျှအခွင့်အရေး ရအောင် တည်ဆောက်ထားခြင်းသည် သင်ရော သင့်ကလေးပါ ပျော်ရွှင်စေသော နည်းလမ်းတစ်ခုဖြစ်သည်။

သင့်ကလေးအပေါ်ထားသော ချစ်ခြင်းမေတ္တာကို အပြည့်အ၀ ပြသနိုင်ခြင်း

ကလေးနှစ်ယောက်နှင့် အထက် ရှိသော မိသားစုကြီးတွင် ကလေးများသည် သူတို့ပြဿနာကို မည်သူမျှ နားမထောင်ကြဘူး၊ သူတို့ မောင်နှမတွေလောက် မိဘတွေက သူတို့ကို မချစ်ဘူးဟု တစ်ခါတစ်ရံ ခံစားတတ်ကြသည်။ တစ်ဦးတည်းသော ကလေးများအတွက်မူ မိဘသည် သူတို့၏ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုများကု ကလေးအား အပြည့်အ၀ ဖော်ပြနိုင်သည်။ ထို့ပြင် သင့်ကလေးသည် သင်နှင့်အတူ ပြဿနာများကို မျှဝေခွင့်ရပြီး သင့်အချစ်ကို ခံစားနိုင်ကာ သင့်ကိုလည်း အချစ်များပြန်လည်ပေးစွမ်းခွင့်ရသည်။ ထို့ကြောင့် သူတို့သည် မိသားစုတွင်း အထီးကျန်၊ လစ်ဟာနေသော ခံစားချက်မျိုးမရှိပါ။

စိတ်ကူးယဉ်တွေးတောနိုင်သော အခွင့်အရေး ရရှိခြင်း

အခြားကလေးများသည် မောင်နှမများနှင့် ကစားနေစဉ် သင့်ကလေးသည် တစ်ဦးတည်း ကစားနေရမည်။ ထိုအတွက် စိတ်မပူပါနဲ့။ အမှန်စင်စစ်တွင် တစ်ဦးတည်းကစားခြင်းသည် ကလေးများ သူတို့၏ ထီထွင် စိတ်ကူးယဉ် ဖန်တီးနိုင်စွမ်းကို ကောင်းစွာဖွ့ံ့ဖြိုးနိုင်ပြီး နောင်တစ်ချိန်တွင် ဖန်တီးမှုဆိုင်ရာ အသက်မွေးလမ်းကြောင်းကို လျှောက်လှမ်းစေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အခြားသော မောင်နှမများနှင့် အော်ဟစ်၊ တိုက်ခိုက် နေမည့်အစား တစ်ဦးတည်းသော သင့်ကလေးသည် သူတို့၏ အသိဉာဏ်၊ ဖန်တီးတီထွင်မှုလေးနှင့် ဆော့ကစားနိုင်သောကြောင့် ဖြစ်သည်။

ပိုမို ယုံကြည်မှုရှိခြင်း

လူကြီးများပတ်ဝန်းကျင်တွင် ကြီးပြင်းလာသောအခါ ကလေးသည် ပိုမို ယုံကြည်မှုရှိပြီး အခြားကလေးများထက် ကိုယ့်ကိုယ်ကို ပိုမိုသိရှိနားလည်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မိသားစုထဲမှာ အချစ်မခံရမှာကို စိုးရိမ်စရာမလို၊ ဂရုစိုက်ခံရဖို့အရေး မောင်နှမများနှင့် တိုက်ခိုက်နေစရာမလိုသောကြောင့်ဖြစ်သည်။ သူတို့သည်  မိဘများနှင့် အတူအနီးကပ်နေခွင့်ရပြီး ယေဘုယျအားဖြင့် လူကြီးများနှင့် ပိုပြီးသက်တောင့်သက်သာ ဆက်ဆံနိုင်ပါသည်။

မိသားစုအတွက် ငွေကြေး ပိုစုဆောင်းမိခြင်း

ကလေးတစ်ယောက်တည်းရှိသော မိဘများသည် ကလေးအနာဂတ်အတွက် ပိုက်ဆံပိုစုနိုင်ပါသည်။ သင့်ကလေးသည် ကောင်းမွန်သော ပညာရေး၊ နေ့စဉ် လှုပ်ရှားမှုများ၊ မိသားစုခရီးစဉ် စသည်ဖြင့် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများကို ခံစားရပါသည်။ သို့ဖြစ်၍ ကလေးတစ်ယောက်ပဲ မွေးထားခြင်းသည် ပျမ်းမျှဝင်ငွေ ရှိသော မိဘများအတွက် ပိုသင့်တော်ပါသည်။

အထက်ပါအကြောင်းရင်းများကြောင့် ကလေးတစ်ယောက်တည်း မွေးထားခြင်းသည် ကြီးမားသော ပြဿနာတစ်ခုမဟုတ်ပါ။ မိဘများအနေဖြင့် သူတို့ကလေးကို အကောင်းဆုံး ဘ၀ အရည်အသွေးကို ပေးချင်သည်မှာ အပြစ်တစ်ခုမဟုတ်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly