ရေစကြိုမြို့နယ်​ သစ်​ကြီး​တော​ကျေးရွာတွင်​ အိမ်​​ခြေ ၁၅၀​ကျော်​ မီး​လောင်​

ရေစကြိုမြို့နယ်​ သစ်​ကြီး​တော​ကျေးရွာတွင်​ အိမ်​​ခြေ ၁၅၀​ကျော်​ မီး​လောင်​
Photo-Myanmar Fire Services Department

ပခုက္ကူ၊မတ် ၄ ။            ။ ပခုက္ကူခရိုင် ရေစကြိုမြို့နယ် သစ်ကြီးတော ကျေးရွာမှာ မတ်လ ၃ရက်နေ့ ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၅၀ကျော် မီးဘေးသင့်ခဲ့ကြောင်းသိရသည်။

ကျေးရွာအတွင်းနေအိမ်တစ်အိမ် ရှိ မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ကျေးရွာရှိနေအိမ် ၃ပုံ ၁ပုံ လောင်ကျွမ်းခဲ့သည်ဟု သိရသည်။

"ည ၈နာရီခွဲလောက်က စလောင်တာ ၉နာရီခွဲလောက်မှာ မီးညွန့်ကျိုးသွားတယ်။ လေကလည်းတိုက် တစ်ရွာလုံးနီးပါးကလည်း ထန်းလက်မိုးထားတာဆိုတော့ လောင်အားက ကောင်းခဲ့တာပေါ့ "ဟု ဒေသခံရွာသား ကိုတင့် က ပြောသည်။

မီးလောင်မှုကြောင့် အိမ်ခြေ ၁၅၄အိမ် မီးလောင်ကျွမ်း ခဲ့ရပြီး ဆုံးရှုံးမှု ခန့်မှန်းတန်းဘိုး သိန်း ၈၀၀ ကျော် ရှိသည်ဟု သိရသည်။

"လူအသေအပျောက်တော့ မရှိသေးဘူး။ လက်ရှိခန့်မှန်းတွက်ချက်မှု အရတော့ အိမ်ထောင်စု ၁၅၄အိမ် လောင်ကျွမ်းခဲ့ပြီး လူဦးရေ ၈၉၃ဦး မီးဘေးသင့်ခဲ့ပါတယ် "ဟု ပခုက္ကူခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းမီးလောင်မှုအား ပခုက္ကူခရိုင်အတွင်းရှိမီးသတ်ယာဉ်၊ရေသယ်ယာဉ်များ နှင့် စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှ မီးသတ်ယာဉ်များ စုစုပေါင်း အစီး ၂၀ကျော် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရသည်။

လက်ရှိအနေအဖြင့် စတင်မီးလောင်ကျွမ်းခဲ့သည့် အိမ်ရှင်အား ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ ရေစကြိုမြို့မရဲစခန်းတွင်  အမှုဖွင့်ထားကြောင်း သိရသည်။

" အဆိုပါ မီးလောင်မှုကြောင့် အိမ်ခြေ ၁၅၄ လုံးမီးလောင်ခံရပြီး၊ မီးဘေးသင့်ပြည်သူ ကျား(၄၂၉)၊ မ (၄၆၄) ပေါင်း(၈၉၃)ဦး၊ အိမ်ထောင်စု (၁၅၄)စုတို့အား ကျေးရွာ (အ.ထ.က-ခွဲ)တွင် နေရာချထားလျှက်ရှိပါသည်။ လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာ သေဆုံးခြင်းမရှိပါ" ဟု မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly