အမတ်လောင်းရွေးချယ်ရေး အငြင်းပွားမှုကြောင့် ပြည်နယ်လွှတ်တော် စစ်တွေမဲဆန္ဒနယ် ၂ အတွက် ANP မပြိုင်နိုင်

အမတ်လောင်းရွေးချယ်ရေး အငြင်းပွားမှုကြောင့် ပြည်နယ်လွှတ်တော် စစ်တွေမဲဆန္ဒနယ် ၂ အတွက် ANP မပြိုင်နိုင်

ရန်ကုန် သြဂုတ် ၂၆ ။        ။ ပါတီတွင်းအမတ်လောင်း ရွေးချယ်ရေး အငြင်းပွားမှုကြောင့်  ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်လွှတ်တော် စစ်တွေ မဲဆန္ဒနယ် အမှတ် ၂ အတွက် ရခိုင်အမျိုးသား ပါတီ (ANP) ကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ကြောင်း အငြင်းပွားမှုတွင် ပါဝင်ခဲ့သည့် အမတ်လောင်းရွေးချယ်ခံသူ ထံမှသိရသည်။

စစ်တွေမဲဆန္ဒနယ် အမှတ် ၂မှ တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်မည့် ANP ပါတီဝင် ဦးအောင်မြကျော်က "ပါတီအတွင်းအမတ်လောင်းရွေးတဲ့အခါ မဲမသာမာမှုတွေရှိခဲ့လို့ စွပ်စွဲပြစ်တင်တဲ့အခါ မဲမသာမှု ကပေါ်ပြီး အဲဒီနေရာကို ဘယ်သူမှမဝင်ဖို့ ပါတီကဆုံးဖြတ်လိုက်တယ်။ ပြန်ရွေးဖို့ဆိုတာလည်း အမည် တင်ရက်နဲ့ ကပ်နေလို့ လုပ်လို့မရတော့တဲ့အတွက် ပါတီကအဲလိုဆုံးဖြတ်လိုက်တာ" ဟု ဆိုသည်။

စစ်တွေအမှတ် ၂မဲဆန္ဒနယ်တွင် ဦးအောင်မြကျော်၊ ဦးကျော်ဇောဦးအပါအဝင် တစ်သီးပုဂ္ဂလ အမတ်လောင်း သုံးဦး နှင့် အခြားပါတီ ငါးခုတို့ကဝင်ရောက်ရန် အမည်စာရင်းတင်သွင်း ထားကြသည်။

ANP သည် ရခိုင်ပြည်နယ်အတွင်းရှိ ယင်းနေရာမှအပ အမျိုးသား၊ ပြည်သူနှင့် ပြည်နယ် လွှတ်တော် နေရာ အားလုံးအပြင်၊ ချင်းပြည်နယ်တို့အပါအဝင်နေရာပေါင်း ၇၇နေရာတွင်ဝင်ရောက် ယှဉ်ပြိုင် ရန်ပြင်ဆင်ထားသည် ပါတီလည်းဖြစ်သည်။

ANP အတွင်းရေးမှုး ဦးသာထွန်းလှက "ကျွန်တော်တို့ အဲဒီနေရာကိုမဝင်ဖြစ်တာက ပါတီတွင်း ရွေးချယ်ပွဲမှာဖြေရှင်းစရာကိစ္စလေးတွေရှိနေလို့ ဘယ်သူမှမဝင်ဖြစ်တာပါ။ ဒါပေမယ့် ကျွန်တော်တို့ ပါတီကိုယ်စားပြုမဟုတ်ပေမယ့်ပါတီလူတွေ တစ်သီးပုဂ္ဂလ ဝင်တာရှိတယ်။ အဲဒီကနိုင်သူက ပါတီကရမှာပါပဲ" ဟု ဆိုသည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီကိုယ်စားပြု အမတ်လောင်းများ ရွေးချယ်ရာတွင် အာဏာရပါတီ၊ အတိုက်အခံပါတီများအတွင်းလည်း အငြင်းပွားမှုများ၊ ပါတီဗဟို ကရွေးချယ်သည့် အမတ်လောင်းများအပေါ် ကန့်ကွက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အာဏာရပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးတွင်လည်း တပ်မတော်မှ အရပ်ဖက်ပြောင်းကာ ရွေးကောက်ပွဲဝင်ရန် စာရင်ေးပးသည့် အမတ်လောင်းများနှင့် ဦးရွှေမန်းကိုယ်တိုင် စီမံခန့်ခွဲကာ ရွေးကောက်ပွဲဝင်ရန် စာရင်းပေးသည့် အမတ်လောင်းများနေရာများအကြား ကွဲပြားမှုများလည်း ရှိခဲ့သည်ဟု နိုင်ငံရေးလေ့လာသူများက ဝေဖန်ထား ကြသည်။

အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်လည်း ၎င်းနည်းတူ ပခုက္ကူ အမတ်လောင်း ရွေးချယ်မှု အပေါ်ကန့်ကွက်သဖြင့် ပါတီအတွင်းမှ ထုတ်ပယ်ခံရသူများ လည်းရှိခဲ့သည်။

လက်ရှိအချိန်တွင် ပါတီတို့နှင့် တစ်သီးပုဂ္ဂလိတို့မှ တင်ပြထားသည့်အမတ်လောင်းများကို သက်ဆိုင်ရာ ခရိုင်ကော်မရှင်တို့က သြဂုတ်လ ၁၈ရက်မှစတင်ကာ သြဂုတ်လ ၃၀ရက်အတွင်း စိစစ်မှုများပြုလုပ်နေ ပြီဖြစ်သည်။ ၂၀၁၅ခုနှစ်ရွေးကောက်ပွဲကျင်းပရန်မှာလည်း  ၆၅ရက်သာ ကျန်ရှိတော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly