နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီးနေထိုင်သူများအရေး ပါ၀င်သော မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေး

နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီးနေထိုင်သူများအရေး ပါ၀င်သော မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေး
ဓာတ်ပုံ - သတင်းထုတ်ပြန်ရေးကော်မတီ

 

မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲကို မတ် ၂ ရက် ညနေ ၄ နာရီမှ ၄ နာရီ ၅၅ မိနစ်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်း နှစ်နိုင်ငံ နယ်စပ်မှတ်တိုင် (၃၁/၁) ဂေါင်းဒုံ BGB စခန်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး တရားမဝင် နေရပ်စွန့်ခွာ နေထိုင်သူများနှင့် ပတ်သက်၍ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ညှိနှိုင်း၍ လှည့်ကင်းဆောင်ရွက်မည့် အစီအမံများ၊ နှစ် နိုင်ငံ နယ်စပ်တစ်လျှောက်တွင်   ဖြစ်ပေါ်လာသည့် ကိစ္စရပ်များအား အချိန်နှင့်တစ်ပြေးညီ သတင်းညှိနှိုင်းဖလှယ်နိုင်ရေး တို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည်။

ဆွေးနွေးပွဲသို့ အမှတ်(၁)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး စောဇေယျာလင်း နှင့်အဖွဲ့ဝင် ၉ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမှတ် (၃၄) BGB တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မောန်ဇူရုပ်ဟာဆာန်ခါန်းနှင့် အဖွဲ့ဝင် ၆ ဦး တက်ရောက်ခဲ့ကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ ဒါကာမြို့တွင် ပြုလုပ်ခဲ့သော နှစ်နိုင်ငံပြည်ထဲရေးဝန်ကြီးများ အစည်းအဝေးပြုလုပ်ပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲ ထပ်မံ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ် အောင် တိုးမြှင့်ဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု တိုက်ဖျက်ရေး၊ ဘင်္ဂလားဒေ့ရှ်ဘက်ရှိ   နေရပ်စွန့်ခွာသူများအား ပြန်လည်ခေါ်ယူရေး၊ နှစ်နိုင်ငံနယ်စပ် ဒေသတလျောက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ အကြမ်းဖက်မှုနှင့် နယ်စပ် ဖြတ်ကျော်မှုခင်း၊ နှစ်နိုင်ငံ မြစ်ကြောင်း နယ်နိမိတ်တွင် ဖြစ်ပေါ်လျက်ရှိသော မှုခင်းများ တိုက်ဖျက်ခြင်း တို့တွင် ပူးပေါင်း ဆောင်ရွက်ရေးတို့ကို ဆွေးနွေးထားခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. AsaduzzamanKhan MP တို့ တက်ရောက်ခဲ့ကြသည်။

လက်ရှိတွင် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးအဆင့် အစည်းအဝေးအရ ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့ထားသည့် ဒုက္ခသည် ၈ထောင်ကျော်စာရင်းပေးပို့ခဲ့သော်လည်း အချက်အလက် မပြည့်စုံမှုများကြောင့်   နှစ်နိုင်ငံအကြား သဘောတူညီချက်တွင် ပါရှိသည့်အတိုင်း တိကျစွာ ပြန်ပို့ရန် မြန်မာနိုင်ငံဘက်မှ တောင်းဆိုထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly