ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏ်ရည် မြင့်မားစေရန် နွေရာသီအားကစားသင်တန်းများ တက်ရန်လိုဟု ဆို

ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏ်ရည် မြင့်မားစေရန် နွေရာသီအားကစားသင်တန်းများ တက်ရန်လိုဟု ဆို
ဓာတ်ပုံ- အားကစားနှင့်ကာယပညာဦးစီးဌာန

 

နေပြည်တော်၊ မတ်လ ၃ ရက် ။                ။ အခြေခံပညာသင် ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏ်ရည်၊ ဉာဏ်သွေးမြင့်မားစေရန် နွေရာသီတွင် ဖွင့်လှစ် သော အားကစားသင်တန်းများကို တက်ရောက်ရန်လိုကြောင်း အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောသည်။

“အားကစားပြုလုပ်ခြင်းအားဖြင့် အခြေခံကတော့ ကိုယ်လက် ကြံ့ခိုင်မယ်ပေါ့။ကျန်းမာသန်စွမ်းမယ်ပေါ့ ၊ ကျန်းမာသန်စွမ်းမှသာလျှင် ကျောင်းသား၊ ကျောင်းသူတွေရဲ့ ဉာဏ်ရည် ဉာဏ်သွေးလည်း မြင့်မားလာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျောင်းသား ကျောင်းသူတွေဟာ ခုလိုအားလပ်တဲ့ အချိန်မှာ နွေရာသီအားကစား သင်တန်း မဖြစ်မနေ တက်ရောက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က အားကစားနဲ့ ပညာရေး ပေါင်းစပ်ပြီးတော့ နွေရာသီ အခြေခံသင်တန်းတွေကို နှစ်စဉ်ဖွင့်လှစ်ပေးနေခြင်းဖြစ်ပါတယ်” ဟု ဦးဌေးအောင် က ပြောသည်။

ယနေ့ မတ်လ ၃ရက် နံနက်ပိုင်းကနေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) တွင် ကျင်းပပြုလုပ်သော နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်ပွဲအစီစဉ်အပြီးတွင် ဦးဌေးအောင်က ပြောခဲ့ခြင်းဖြစ်သည်။

၂၀၀၆ ခုနှစ်မှ စတင်ကာ  ပြည်နယ်နှင့် တိုင်းများတွင် နွေရာသီအခြေခံအားကစားသင်တန်းကို ဖွင့်လှစ်ခဲ့ပြီး ၂၀၀၀ခုနှစ်မှ စတင်ကာ နေပြည်တော်တွင် ဖွင့်လှစ်ခဲ့ပြီး ၊ သင်တန်းကာလအားဖြင့် နှစ်ပတ်ကြာမြင့်ကာ ကျောင်းသား၊ ကျောင်းသူများ၏ ဆန္ဒရှိလျှင် မွမ်းမံသင်တန်း နောက်ထပ်နှစ်ပတ် စုစုပေါင်း တစ်လကြာ ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း ဦးဌေးအောင်က ဆက်ပြောသည်။

“နွေရာသီကျောင်းပိတ်ရက်တွေမှာ အခြေခံပညာကျောင်းတွေမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေဟာ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေဖို့အတွက် မိမိတို့ဝါသနာ ပါရာ အားကစားနည်းတစ်ခုခုကို လေ့လာ လိုက်စားခြင်းအားဖြင့် ဒီအားကစားနည်းတွေရဲ့ အခြေခံ နည်းစနစ်တွေကို တတ်မြောက်ပြီး တချိန်မှာ ကျွန်တော်တို့ နိုင်ငံတော် အတွက် အားကစားနည်းတွေမှာ လိုအပ်တဲ့ မျိုးဆက်သစ်တွေ ဖြစ်ပေါ်လာစေဖို့အတွက်ရည်ရွယ်ပါတယ်”ဟု ၎င်းကဆက်ပြောသည်။

ယခုကဲ့သို့ နွေရာသီအခြေခံသင်တန်းများဖွင့်လှစ်ရခြင်းအကြောင်းကို လည်း မြို့နယ်အဆင့်တွင် အားကစား နည်းသုံးမျိုး၊ ခရိုင်အဆင့်တွင် ငါးမျိုး၊ ပြည်နယ်နှင့် တိုင်းအဆင့်များတွင် ခုနစ် မျိုး မဖွင့်မနေရ သတ်မှတ်ထား သော်လည်း အားကစားအထောက်အကူပြု ပစ္စည်းများ၊ သင်တန်းသားများ ၊ နည်းပြများပြည့်စုံမည်ဆိုလျှင် မြို့နယ်အဆင့်တွင် ရှစ်မျိုး၊ ပြည်နယ်တိုင်းအဆင့်တွင် ၁၅မျိုးထိ ဖွင့်လှစ်ထားကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

 အဆိုပါ အခမ်းအနားသို့ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ အားကစားနည်း သင်တန်းနည်းပြများ၊ တာဝန်ခံဆရာ/ဆရာမများနှင့် နေပြည်တော်ကောင်စီနယ်မြေတွင်းရှိ အခြေခံပညာသင် ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly