နေမာအတွက် ရီးယဲလ်အသင်းကို ပီအက်စ်ဂျီအသင်း ကျော်ဖြတ်လိုဟု နည်းပြ အမ်မရီ ပြော

နေမာအတွက် ရီးယဲလ်အသင်းကို ပီအက်စ်ဂျီအသင်း ကျော်ဖြတ်လိုဟု နည်းပြ အမ်မရီ ပြော
(ဓာတ်ပုံ - အီးပီအေ)

နည်းပြ အူနိုင်းအမ်မရီက ပီအက်စ်ဂျီအသင်းဟာ ရီးယဲလ်အသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ရန်နှင့် မာဆေးလ်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ခြေချောင်းရိုးကျိုး ဒဏ်ရာကို ခွဲစိတ်ကုသမှု လိုအပ်မှုကြောင့် အဆိုပါပွဲစဉ်ကို လွှဲချော်မယ့် နေမာအတွက် ရည်စူးပြီး နိုင်ပွဲရယူရန် မျှော်လင့်ကြောင်း သောကြာနေ့က ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ ဒီနိုင်ပွဲအတွက် နေမာကို ရည်စူးလိုပါတယ်။”လို့ အမ်မရီက ထရွိုင်စ်နဲ့ ကစားမယ့် လီဂူး ၁ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးတိုက်စစ်မှူး နေမာဟာ ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူပြီးနောက် သုံးလအထိ အနားယူရဖွယ်ရှိနေတာကြောင့် ဒီဘောလုံးရာသီရဲ့ လက်ကျန်ပွဲများကိုလည်း ကစားနိုင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

နေမာဟာ ပြီးခဲ့တဲ့ နွေရာသီက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့စရိတ် ပေါင် သန်း ၂၀၀ ဖြင့် ဘာစီလိုနာမှ ပြောင်းရွှေ့လာပြီးနောက် ပီအက်စ်ဂျီအတွက် ပွဲ ၃၀ ကစားပြီးချိန် ၂၈ ဂိုး သွင်းယူထားပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့မှာ ရီးယဲလ်အသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဒုတိယအကျော့ပွဲစဉ်အဖြစ် မတ်လ ၆ ရက်နေ့မှာ အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags