မူးယစ်ဆေးမှောင်ခိုကူးသူများကို သေဒဏ်ပေးရန် ထရမ့် အကြံပြု

မူးယစ်ဆေးမှောင်ခိုကူးသူများကို သေဒဏ်ပေးရန် ထရမ့် အကြံပြု

ဝါရှင်တန်၊ မတ် ၂ ။          ။ အမေရိကန်နိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးသူများကို အခြားသော နိုင်ငံများအား နမူနာယူပြီး သေဒဏ်ချမှတ်သင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ် ၁ ရက်တွင် အကြံပြု ပြောသည်။

ထိုပြင် နို်င်ငံတွင်း ဘိန်းစွဲသူများကို ပစ်မှတ်ထားပြီး အကိုက်အခဲပျောက်ဆေးများ ထုတ်လုပ်နေသည့် ကုမ္ပဏီများကိုလည်း ၎င်းက ခြိမ်းခြောက်ပြောဆိုသည်။

မူးယစ်ဆေးဝါးဖြန့်သူနှင့် ရောင်းဝယ်သူများကို အချို့သော နိုင်ငံများက သေဒဏ်အပါအဝင် ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ကြောင်း၊ ထိုသို့သော နိုင်ငံများသည် မိမိတို့နိုင်ငံထက် ဆေးဝါးပြဿနာ နည်းပါးကြောင်း၊ ထိုအတွက် မိမိတို့အနေဖြင့်လည်း သေဒဏ်ချမှတ်ခြင်း ကျင့်သုံးသင့်ကြောင်း ထရမ့်က ဆိုသည်။

စင်ကာပူတွင် လုပ်ဆောင်သကဲ့သို့ မူးယစ်ဆေးကုန်ကူးသူများအား သေဒဏ်ချမှတ်ခြင်းကို အမေရိကန်နိုင်ငံက လိုက်ပါကျင့်သုံးသင့်သည်ဟု ၎င်းအတွေးရှိကြောင်းကို မိတ်ဆွေများက ပြောကြားနေခဲ့ပြီးနောက် ထရမ့်သည် အိမ်ဖြူတော်တွင် ကျင်းပသော ဘိန်းဖြူပြန့်ပွားဖြစ်ပေါ်မှုအရေး အစည်းအဝေးတစ်ရပ်တွင် ယခုကဲ့သို့ မှတ်ချက်ပြု ပြောဆိုခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်ကလည်း ထရမ့်သည် ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ မူးယစ်တိုက်ဖျက်ရေး လုပ်ဆောင်ချက်ကို အံ့မခန်းသော ဆောင်ရွက်ချက်အဖြစ် ချီးမွှမ်းပြောဆိုခဲ့သည်။ ဖိလစ်ပိုင် မူးယစ်တိုက်ဖျက်ရေး စစ်ပွဲတွင် ၁၈ လတာအတွင်း လူပေါင်း ၇၀၀၀ ကျော်မက ကွပ်မျက်သတ်ဖြတ်ခံရရာ ယင်းမူးယစ်စစ်ပွဲအား ဝေဖန်မှုများ မြင့်တက်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly