အမေရိကန်ကာဂိုလေယာဉ်တစ်စီး ရန်ကုန်လေဆိပ်တွင် အရေးပေါ် ဆင်းသက်ခဲ့ရ

အမေရိကန်ကာဂိုလေယာဉ်တစ်စီး ရန်ကုန်လေဆိပ်တွင် အရေးပေါ် ဆင်းသက်ခဲ့ရ

မတ်လ ၁  ။            ။ ရန်ကုန်လေဆိပ်၌ အမေရိကန်အခြေစိုက် ကာဂိုလေယာဉ်တစ်စီး အရေးပေါ်ဆင်းသက်မှု ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်။

ယနေ့တွင် ၎င်းကုမ္ပဏီတာဝန်ရှိသူများနှင့်  လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက လေယာဉ်ပေါ်သို့ တက်ရောက် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဟောင်ကောင်လေဆိပ်မှ UAE နိုင်ငံ ဒူဘိုင်းလေဆိပ်သို့ ပျံသန်းစဉ် လေယာဉ်ပေါ်၌ တင်ဆောင် လာသော ကုန်ပစ္စည်းများပါရှိသည့် ကွန်တိန်နာပုံးမှ Fire Alarm မြည်လာသဖြင့်   ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၅ အချိန်တွင် အရေးပေါ် ဆင်းသက်ခဲ့ရခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်သည်။

အမေရိကန်နိုင်ငံသား လေယာဉ်မှူး Capt. Dykeandrew Lincoln Jacksony ပါ လေယာဉ်အမှုထမ်း ၃ ဦး မောင်းနှင်ပြီး လစ်သီယံဘတ္ထရီ (Lithium Ion Batteries) 175.7 တန် တင်ဆောင်လာသည့် အမေရိကန်နိုင်ငံ အခြေစိုက်(UPS United Parcel Service Co.,Ltd)ပိုင် MC Donnell Douglas MD-11F(Cargo) လေယာဉ် အမျိုးအစား၊ အမှတ် N293UP လေယာဉ် ရန်ကုန်လေဆိပ်သို့ ဆင်းသက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လေဆိပ်သို့ ဆင်းသက်ပြီးနောက် စစ်ဆေးခဲ့ရာ မီးလောင်မှုမရှိဘဲ လစ်သီယံ ဘတ္ထရီအနံ့သာရရှိကြောင်း တွေ့ရှိရပြီး လေယာဉ်မှာ ရန်ကုန်လေဆိပ်တွင် ညအိပ်ရပ်နားခဲ့သည်။

လေယာဉ်မှူးများက ၎င်းတို့ကုမ္ပဏီသို့ဆက်သွယ်ခဲ့ပြီး Capt. Dykeandrew Lincoln Jacksony ပါ လေယာဉ်မှူး ၃ ဦးသည် လေဆိပ်လဝကကောင်တာ၌ ပြည်ဝင်တံဆိပ်တုံးထု၍ ဒဂုံမြို့နယ်ရှိ Park Royal ဟိုတယ်၌ တည်းခိုခဲ့ပြီး လေယာဉ်စစ်ဆေးမည့် အင်ဂျင်နီယာအဖွဲ့ ရောက်ရှိစစ်ဆေးပြီးပါက မူလခရီးစဉ်အတိုင်း ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly