အိုင်အက်စ်နှင့် ဆက်သွယ်မှုနှင့် စပိန်နှင့်မောရိုကိုတွင် လူ ၁၄ဦး ဖမ်းဆီး

အိုင်အက်စ်နှင့် ဆက်သွယ်မှုနှင့် စပိန်နှင့်မောရိုကိုတွင် လူ ၁၄ဦး ဖမ်းဆီး

မက်ဒရစ်၊ သြဂုတ် - ၂၅ ။         ။ စပိန်ပြည်ထဲရေးဝန်ကြီး၏ သြဂုတ်လ ၂၅ရက်နေ့က ပြောကြားချက်အရ ဆီးရီးယားနှင့် အီရတ်ရှိ အိုင်အက်စ် အကြမ်းဖက် အုပ်စုထံသို့ တိုက်ခိုက်ရေးသမားများ စုဆောင်းပို့ဆောင်ရန် ကွန်ရက်တစ်ခုကို ဖွဲ့စည်းမှုသံသယဖြင့် စပိန်နှင့် မော်ရိုကိုနိုင်ငံသား ၁၄ဦးကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

အာဏာပိုင်များက လူအများအပြားသေဆုံးသည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည့် ပြီးခဲ့သည့်သောကြာနေ့ ပါရီသွားရထားတစ်စင်းပေါ်တွင် လက်နက်ကိုင်လူတစ်ဦးကို ခရီးသည်များက ဝိုင်းဝန်းနှိမ်နင်းမှု ဖြစ်ပွားခဲ့ပြီးနောက် ဥရောပတစ်ခွင်တွင် လုံခြုံရေး သွေးလှန့်နေချိန်တွင် ယခုကဲ့သို့ စပိန်နှင့်မော်ရိုကိုတွင် အစုလိုက်အပြုံလိုက်ဖမ်းဆီးမှု ထွက်ေ့းလာခဲ့ခြင်းပင်ဖြစ်သည်။

တိုက်ခိုက်သူ ၂၆နှစ်အရွယ် မော်ရိုကိုနိုင်ငံသား အာယွတ် အယ် ခါဇာနီမှာ ၂၀၁၄ခုနှစ်အထိ စပိန်တွင် ၇နှစ်တိုင်တိုင် နေထိုင်သွားခဲ့ပြီး စပိန်အာဏာပိုင်များက လုံခြုံရေးအန္တရာယ် ဖြစ်လာနိုင်ဖွယ်ရှိသူဟု သတ်မှတ်ခံရသူဖြစ်သည်။

စပိန်ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ မက်ဒရစ်၏ တောင်ဘက် ၃၀ကီလိုမီတာအကွာ ဆန်မာတင် ဒီလာ ဗီဂါနှင့် ဖက်ဇ်နှင့် ကာဆာဘလန်ကာအပါအဝင် မော်ရိုကိုမြို့များမှ လူ ၁၄ဦးကို စပိန်နှင့် မော်ရိုကိုရဲက ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

 ‘ဖမ်းဆီးထိန်းသိမ်းခံရသူတွေဟာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့အစည်းကို နိုင်ငံခြားတိုက်ခိုက်ရေးသမားတွေ စုဆောင်းပို့ဆာင်ဖို့ ကွန်ရက်တစ်ခုကို ဖွဲ့စည်းထားကြတာပါ’’ဟု စပိန်ပြည်ထဲရေးဝန်ကြီး ကကြေညာချက် တစ်ခုတွင် ပြောကြားခဲ့သည်။

ဇန်နဝါရီလ ပါရီမှ ရှာလီဟက်ဘဒိုးမဂ္ဂဇင်း တိုက်ခိုက်ခံရပြီးကတည်းက စပိန်အာဏာပိုင်များက အစ္စလာမ်စစ်သွေးကြွဟု သံသယရှိသူများကို ပြင်းပြင်းထန်ထန် ဖြိုခွင်းလာခဲ့သည်။

အင်္ဂါနေ့ဖမ်းဆီးမှုမတိုင်မီကလည်း ယခုနှစ်ထဲမှာပင် စပိန်အာဏာပိုင်များက အကြမ်းဖက်မှုနှင့် ဆက်နွယ်သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် လူ ၄၇ဦးကို ဖမ်းဆီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly