ငြိမ်းစုစီဥပဒေပြင်ရန် ကြိုးပမ်းခြင်းက လူထုရဲ့ အင်အားကို ကြောက်လို့ဟု ကြံ့ခိုင်ရေးပါတီ ဝေဖန်

ငြိမ်းစုစီဥပဒေပြင်ရန် ကြိုးပမ်းခြင်းက လူထုရဲ့ အင်အားကို ကြောက်လို့ဟု ကြံ့ခိုင်ရေးပါတီ ဝေဖန်

နေပြည်တော်(မတ်လ ၁ရက်၊ ၂၀၁၈ခုနှစ်)။ ။ ငြိမ်းစုစီဟု လူသိများသည့် ငြိမ်းချမ်းစွာနှင့် စုဝေခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်ရန် အာဏာရပါတီက လွှတ်တော်တွင် ကြိုးပမ်းလာမှုအပေါ် အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌဖြစ်သူ ဦးသန်းဌေးက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

အဆိုပါ ငြိမ်းစုစီဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းခြင်းမှာ ပြည်သူများ၏ အခြေခံဥပဒေပါ အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်ခြင်း ဖြစ်သည်ဟု ဦးသန်းဌေးက ဝေဖန်သည်။

“အဲ့ဒီ ကန့်သတ်ချက်တွေ ဘာ့ကြောင့်လုပ်သလဲ။ ပြည်သူလူထုရဲ့ အင်အားကို ကြောက်လို့” ဟု ၎င်းက ဆိုသည်။

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အမတ်ဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုးက ဖေဖော်ဝါရီ ၁၉ရက်က အမျိုးသားလွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

ယင်းဥပဒေကြမ်း၏ ရည်ရွယယ်ချက်နှင့် ကြောင်းကျိုးဖော်ပြချက်တွင် “ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်၍ ဆန္ဒဖော်ထုတ်ရာတွင် ဥပဒေ၏ အကာအကွယ်ကို အခွင့်အရေးအဖြစ် အသုံးပြု၍ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို သိလျက်နှင့် တမင်အဖျက်အမှောင့်လုပ်ရပ်များဖြင့် နှောင့်ယှက်ဖျက်ဆီးမည့် အန္တရာယ်မှ ကာကွယ်ဟန့်တားရန်” ဟူ၍ ဖော်ပြထားသည်။

ဥပဒေကြမ်းအရဆိုလျှင် ငြိမ်းချမ်းစွာ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း ပြုလုပ်လိုသူများသည် ပြုလုပ်မည့် အစီအစဉ် အသေးစိတ်၊ ခန့်မှန်းလူဦးရေအပြင် ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက မည်သူဖြစ်သည်ကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ကြိုတင် အသိပေးရမည် ဖြစ်သည်။

ထို့ပြင် ဥပဒေကြမ်း၏ ပုဒ်မ ၁၈တွင် “မည်သူမဆို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးတို့ကို ပျက်ပြားစေရန် အကြံဖြင့် ဖြစ်စေ၊ ထိုသို့ ပျက်ပြားတန်ရာသော အခြေအနေဖြစ်နိုင်ကြောင်း သိလျက်နှင့်ဖြစ်စေ၊ ငွေ သို့မဟုတ် ပစ္စည်းကိုသော်လည်းကောင်း၊ အခြားနည်းလမ်းတစ်ခုခုကို သော်လည်းကာင်း သုံးစွဲ၍ သူတစ်ဦးဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုအောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းတို့ကိုပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟူ၍ ဖြည့်စွက်ထားသည်။

ထိုဥပဒေကြမ်းပါ ပြင်ဆင်ချက်များအပေါ် ဦးသန်းဌေးက “ခင်ဗျားစိတ်ထဲမှာ ကြံနေတယ်လို့ ယူဆရင် ခင်ဗျား အရေးယူခံရမယ်။ ခင်ဗျားစိတ်ထဲမှာ ကြံတာ မကြံတာကို ဘာနဲ့ တိုင်းတာမလဲ။ ခင်ဗျား ဒီလို ကြံပါတယ်လို့ ဘာနဲ့ စွပ်စွဲမလဲ” ဟုဆိုကာ “ဒါသာ အတည်ပြုရင် ဥပဒေသည် မျှော့ကြိုးကဲ့သို့ ဖြစ်သွားမယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် “ဒီမိုကရေစီခေတ်၊ ဒီမိုကရေစီကာလလို့ ပြောတဲ့အချိန်မှာ အခြေခံဥပဒေက ပေးထားတဲ့ ခင်ဗျားတို့ရဲ့ အခွင့်အရေးတွေ လည်ပင်းညှစ်ခံနေရပြီ” ဟုလည်း ဦးသန်းဌေးက ဝေဖန်သည်။

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ ကူးတို့ဆိပ်အုပ်စုတွင် ဖေဖော်ဝါရီ ၂၇ရက်က ပြုလုပ်သည့် ရွှေပြည်သာကျေးရွာနှင့် သစ်ဆိမ့်ပင်ကျေးရွာ ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲ အခမ်းအနားတွင် ဦးသန်းဌေးက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

NLD ဦးဆေင်သည့် အစိုးရ၏ နှစ်နှစ်တာ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍လည်း “ဒီ နှစ်နှစ်အတောအတွင်းမှာပဲ မိမိတို့ရဲ့ ပတ်ဝန်းကျင်အခြေအနေ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း ကိုယ်တိုင်ပဲ သုံးသပ်ကြပါ” ဟုလည်း ဦးသန်းဌေးက အဆိုပါ အခမ်းအနားတွင် ပြောဆိုခဲ့သေးသည်။

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးဆောင်သည့် လွှတ်တော်သက်တမ်းဖြစ်သော ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စတင်ပြဋ္ဌာန်းခဲ့သည်။ ထို့နောက် ၂၀၁၄ခုနှစ်၊ ဇွန်လတွင် ပထမဆုံးအကြိမ်အဖြစ် ဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့သည်။

ထို့နောက် NLD ဦးဆောင်သည့် လွှတ်တော်သက်တမ်းစစချင်း ၂၀၁၆ခုနှစ်၊ အောက်တိုဘာလတွင်လည်း ထိုဥပဒေကို ဒုတိယအကြိမ် ပြန်လည် ပြန်ဆင်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly