ငြိမ်းချမ်းရေးအတွက် “တစ်ယောက်နဲ့ တစ်ယောက် မတွန်းပါနဲ့ လက်တွဲခေါ်” ဖို့ ဒေါ်စု မေတ္တာရပ်ခံ

ငြိမ်းချမ်းရေးအတွက် “တစ်ယောက်နဲ့ တစ်ယောက် မတွန်းပါနဲ့ လက်တွဲခေါ်” ဖို့ ဒေါ်စု မေတ္တာရပ်ခံ
(ဓာတ်ပုံ- ဟိန်းထက်/အီးပီအေ)

နေပြည်တော်(ဖေဖော်ဝါရီ ၂၈ရက်၊ ၂၀၁၈ခုနှစ်)။ ။ နောင်လာနောက်သားများအတွက် တာဝန်သိစိတ်၊ စေတနာထားစိတ်များဖြင့် ငြိမ်းချမ်းရေးရရှိရန် “တစ်ယောက်နဲ့ တစ်ယောက် မတွန်းပါနဲ့၊ လက်တွဲခေါ်ပါ” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်သည်။

“ကြုံတွေနေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ လမ်းတွေကို အတူရှာကြပါ။ ကျော်လွှားတဲ့နေရာမှာ တစ်ဦးက ပင်ပန်းနေလို့ရှိရင် ဘေးကနေ ဝိုင်းဝန်းပြီး ကူညီပေးကြပါ လက်တွဲပေးကြပါ။ တစ်ယောက်နဲ့ တစ်ယောက် မတွန်းပါနဲ့ လက်တွဲခေါ်ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တွင် ဖေဖော်ဝါရီ ၂၈ရက်၊ ညနေပိုင်းက ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ဒီလိုစိတ်ဓာတ်တွေနဲ့ ဆက်ပြီးသွားမယ်ဆိုရင် ကျွန်မတို့ရဲ့ နောင်လာနောက်သားတွေက တစ်ချိန်တစ်ခါမှာ သြော် ၂၁ရာစုတုန်းက ၂၁ရာစု ပင်လုံကနေ တစ်ဆင့် ငါတို့ အခုနေရတဲ့ အေးချမ်းသာယာတဲ့ ပြည်ထောင်စုကြီးကို ထူထောင်လိုက်တာပဲ ဆိုတဲ့ အသိနဲ့ စိတ်ချမ်းသာရမှာ ဖြစ်ပါတယ်” ဟု သူမက ဆိုသည်။

ယနေ့ကျင်းပသည့် JICM အစည်းအဝေးသည် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးပြီးနောက် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး တပ်မတော်ဘက်က ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ခဲ့သည်။

“ကျွန်တော်တို့ရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး မကြာခင် ပေါ်ပေါက်လာစေဖို့ အားလုံးကျွန်တော်တို့ ဝိုင်းပြီးတော့မှ ဆောင်ရွက်သွားကြမှ ရမယ်။ ခင်ဗျားတို့ဘက်က တပည့်တပမ်းတွေ၊ ကျွန်တော်တို့ရဲ့ တပည့်တပမ်းတွေ၊ အစိုးရဘက်က တပည့်တပမ်းတွေ နောက် ပြည်သူတစ်ရပ်လုံး ပါဝင်နိုင်အောင်အတွက် ဝိုင်းဝန်းကြိုးစားပေးကြပါ” ဟု ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အစည်းအဝေးတွင် နိဂုံးချုပ် အမှာစကား ပြောသည်။

မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်ကလည်း ငြိမ်းချမ်းရေးလုန်ငန်းစဉ်တွင် အားလုံးပါဝင်နိုင်ရေးအတွက် သဘောထားကြီးကြီး၊ စိတ်ရှည်ရှည်ဖြင့် အများလက်ခံနိုင်သော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်း ပြောဆိုသည်။

ယနေ့ အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ တတိယအစည်းအဝေးကို လာမည့် ဧပြီလကုန် မေလဆန်းပိုင်းတွင် ကျင်းပသွားရန်လည်း ဆုံးဖြတ်ချက်ချခဲ့သည်ဟု အစည်းအဝေးအပြီးတွင် အစိုးရဘက်မှ ဦးဇော်ဌေးက သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ဖြေကြားသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags