စစ်တွေဗုံးပေါက်ကွဲမှုတွင် ဖမ်းဆီးခံရသူ ရ ဦးရှိ၊ ယခင်ဖောက်ခွဲမှုမှာ ပါဝင်ခဲ့မှုကြောင့် ခေါ်ယူစစ်ဆေးခြင်းဟုဆို

စစ်တွေဗုံးပေါက်ကွဲမှုတွင် ဖမ်းဆီးခံရသူ ရ ဦးရှိ၊ ယခင်ဖောက်ခွဲမှုမှာ ပါဝင်ခဲ့မှုကြောင့် ခေါ်ယူစစ်ဆေးခြင်းဟုဆို
Photo-EPA/NYUNT WIN

စစ်တွေ၊ ဖေဖော်ဝါရီ ၂၈ ရက်။          ။ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဗုံးပေါက်ကွဲ မှုဖြစ်စဉ်နှင့် ပတ်သက်၍ အရပ်သား ၇ ဦး  ဖမ်းဆီးထားပြီး ၎င်းတို့မှာ ယခင်ဗုံးဖောက်ခွဲမှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများဖြစ်၍ ဖမ်းဆီး ခေါ်ယူစစ်ဆေးနေခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ စစ်တွေခရိုင် ဒုရဲမှူးကြီး မင်းဇော်က ပြောသည်။

အဆိုပါ ဖမ်းဆီးခံထားရသူများတွင် ရခိုင်အမျိုးသားကောင်စီ (ANC) က ထိပ်သီးခေါင်းဆောင်တစ်ဦးပါဝင်ပြီး ၎င်းတို့ကို ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မသင်္ကာသူဟုဆိုကာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ၄ ဦးနှင့် ၂၆ ရက် နေ့တွင် ၃ ဦး အသီးသီး ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။

“အခု ဖမ်းဆီးစစ်ဆေးဖို့ ခေါ်ထားတာ  ၇ ဦး ရှိပါတယ်။ ဖမ်းဆီးတာကတော့ ရရှိတဲ့သတင်းတွေအရ ခေါ်ယူ စစ်ဆေးတာပါ။ ရဲလုပ်ငန်းအရလည်း အမှားတစ်ခု ကျုးလွန်ပြီးတဲ့သူတွေကိုလည်း ဖမ်းချက်တင်ပြီး ခေါ်ယူ စစ်ဆေးလို့ရတယ်လေ။ ရဲရဲ့လုပ်ထုံးလုပ်ငန်းအညီအရပေါ့။”ဟု ဒုရဲမှူးကြီး မင်းဇော်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့တွင် ပြည်နယ်တရားလွှတ်တော်ရုံးအနီး၊ ပြည်နယ် မြေစာရင်းရုံးအနီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၏ နေအိမ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အဆိုပါဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်သားတစ်ဦးနှင့် အရပ်သားတစ်ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မပေါက်ကွဲသေးသည့် ဗုံး ၃ လုံးကိုပါ ထပ်မံတွေ့ရှိ၍ သိမ်းဆည်းခဲ့သည်ဟု တပ်မတော်ကဘက်မှ သတင်းထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခံထားရသူများ ဖြစ်သည့် ရခိုင်အမျိုးသားကောင်စီ (ANC) က လူမူရေးတာဝန်ခံ ဦးနိုင်စိုး၊ ဦးမောင်သန်းရွှေ၊ ဦးရွှေထွန်းအောင်နှင့် ဦးမောင်ဦးမြင့်တို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေ့လည်ပိုင်း က စစ်တွေမြို့နယ် တရားရုံးတွင် အကြမ်းဖက်တိုက်ဖျက်မှု ဥပဒေပုဒ်မ ၅၀ (က) (ဈ) တို့ဖြင့်အမှုဖွင့်ခဲ့ပြီး မတ်လ ၁၂ ရက်နေ့ အထိ ချုပ်ရက် ရမန်ယူခဲ့သည်။

စစ်တွေဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် မိမိတို့ ANC အနေဖြင့် ဖြစ်စေ၊ အဖွဲ့ဝင်အနေဖြင့်ဖြစ်စေ ပါဝင်ပတ်သက်မှု မရှိကြောင်းကို အတိအလင်းဖော်ပြလိုသည် ဟု ရခိုင်အမျိုးသားကောင်စီ (ANC)က ဖေဖော်ဝါရီ ၂၇ ရက်နေ့ တွင် သဘောထားထုတ်ပြန်ခဲ့သည်။

လက်ရှိစစ်တွေမြို့ လုံခြုံရေးကို ယခင်ထက် ထပ်မံတိုးမြှင့်ချထားပြီး လမ်းခွဆုံများတွင်လည်း လုံခြုံရေး နေရာယူကာ ညဉ့်အချိန်တွင် ဖြတ်သန်းသွားလာသည့် မော်တော်ဆိုင်ကယ်များနှင့် ကားများကို ရပ်တန့်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly