ဦးဝီရသူ၏ ဖေ့ဘွတ်ခ်စာမျက်နှာကို ဖျက်သိမ်းထားကြောင်း Facebook အတည်ပြု

ဦးဝီရသူ၏ ဖေ့ဘွတ်ခ်စာမျက်နှာကို ဖျက်သိမ်းထားကြောင်း Facebook အတည်ပြု
Photo: Nyunt Win/EPA-EFE

ဖေဖော်ဝါရီ ၂၈ ။          ။ ဦးဝီရသူ၏ ဖေ့ဘွတ်ခ်စာမျက်နှာကို ဖျက်သိမ်း ဖယ်ရှားထားကြောင်း အမေရိကန် လူမှုမီဒီယာကုမ္ပဏီ Facebook က အတည်ပြုပြောကြားလိုက်သည်။

မွတ်ဆလင်များနှင့်ပတ်သက်၍ သွေးဆူစေသည့် ပို့စ်များ တင်ခဲ့၍ " ဗုဒ္ဓ ဘင်လာဒင်" ဟု တစ်ချိန်က ခေါ်ဆိုခံခဲ့ရသည့် မြန်မာသံဃာတော်တစ်ပါး၏ ပေ့ချ်ကို ဖျက်သိမ်းထားကြောင်း Facebook က ထုတ်ပြန်သွားခဲ့သည်။ Facebook ကုမ္ပဏီအနေဖြင့်လည်း ယခုအခါ အမုန်းစကားများကို ဖယ်ရှားရှင်းလင်းရေး ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရလျက်ရှိသည်။

အမျိုးသားရေး အစွန်းရောက် လှုပ်ရှားမှုများနှင့်အတူ ထင်ရှားသည့် ဦးဝီရသူအနေဖြင့် အဆိုပါ ဖေ့ဘွတ်ခ် ကွန်ရက်တွင် followers ပေါင်း အမြောက်အမြား ရရှိထားခဲ့သူလည်း ဖြစ်ကာ ၎င်းမှာ မွတ်ဆလင်များကို တိုက်ခိုက်ပြောဆိုရန်အတွက် ယင်းပလက်ဖောင်းကို အသုံးပြုနေခဲ့သည်ဟု ဆိုသည်။

ယခုအခါ ဦးဝီရသူ၏ ဖေ့ဘွတ်ခ် ပေ့ချ်ကို ဖျက်သိမ်းဖယ်ရှားထားလိုက်ပြီ ဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်က Facebook ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။

" ကျွန်တော်တို့ရဲ့ စံနှုန်းတွေအရ တစ်ခြားသူတွေအပေါ် အမုန်းပွားစေပြီး အကြမ်းဖက်ထိခိုက်စေအောင် လှုံ့ဆော်ရာ ရောက်တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို တားမြစ်ရမှာဖြစ်ပါတယ်" ဆိုပြီး အဆိုပါ ကုမ္ပဏီ ပြောခွင့်ရပုဂ္ဂိုလ်က အီးမေးလ်ဖြင့် ဆက်သွယ်ပြောကြားသည်။

" တကယ်လို့ တစ်ဦးတစ်ယောက်က အမုန်းတရားတွေ တိုးပွားစေမယ့် အကြောင်းအရာတွေကို အဆက်မပြတ် ဝေမျှနေခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်ကတော့ အဲဒီလူ ယာယီအခိုက်အတန့် ပို့စ်တွေ တင်လို့မရနိုင်အောင်လုပ်တာ နဲ့ သူ့အကောင့်ကို ဖျက်သိမ်းဖယ်ရှားလိုက်တာလိုမျိုး လုပ်ဆောင်မှုတွေကို လုပ်ရပါလိမ့်မယ်" ဆိုပြီး ၎င်းက ထပ်လောင်းပြောဆိုသည်။

အဆိုပါ ဦးဝီရသူ၏ ဖေ့ဘွတ်ခ်စာမျက်နှာကို ပြီးခဲ့သည့် ဇန်နဝါရီလနှောင်းပိုင်းကတည်းက ဖြုတ်ချခံထားရခြင်းဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly