လွှတ်တော်အမတ်ကို မဲဆန္ဒရှင်များက ဖြုတ်ချနိုင်သည့် ဥပဒေ ပြဋ္ဌာန်းရန် ကြံ့ခိုင်ရေးပါတီ ထပ်မံကြိုးပမ်း

လွှတ်တော်အမတ်ကို မဲဆန္ဒရှင်များက ဖြုတ်ချနိုင်သည့် ဥပဒေ ပြဋ္ဌာန်းရန် ကြံ့ခိုင်ရေးပါတီ ထပ်မံကြိုးပမ်း

နေပြည်တော်(ဖေဖော်ဝါရီ ၂၇ရက်၊ ၂၀၁၈ခုနှစ်)။ ။ လွှတ်တော်အမတ်တစ်ဦးဦးကို မဲဆန္ဒရှင်ပြည်သူများက ပြန်ဖြုတ်ချနိုင်သော ‘လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ’ ပြဋ္ဌာန်းပေးရန် အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအမတ် ဦးစိုင်းသန်းနိုင်က ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မေးခွန်းထုတ်လိုက်သည်။

ပြည်သူများအနေဖြင့် မိမိတို့ ရွေးချယ်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ့အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးနိုင်စွမ်း မရှိခြင်း၊ အရည်အချင်းမပြည့်ဝခြင်း၊ အကျင့်စာရိတ္တပျက်ယွင်းခြင်း၊ ဥပဒေတစ်ရပ်ရပ် ဖောက်ဖျက်ခြင်း ရှိလာပါက ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုကြသည်ဟု ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်းနိုင်က လွှတ်တော်တွင် ပြောကြားသည်။

“ပြည်သူကို မျက်နှာမူကာ ပြည်သူ့အရေးဦးစားပေး၍ ပြည်သူ့ဆန္ဒကို လေးစားတန်ဖိုးထားပါသည်ဆိုသော စကားများအရ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးအပ်ထားတဲ့ အခွင့်အရေးကို လက်တွေ့ရရှိခံစား ကျင့်သုံးနိုင်ရေးအလို့ငှာ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကို ပြဌာန်းပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းအား မေးမြန်းအပ်ပါတယ်” ဟု ၎င်းက မေးမြန်းသည်။

ယခုကဲ့သို့ ‘လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ’ ပြဌာန်းပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ကြိုးပမ်းမှုသည် NLD ဦးဆောင်သည့် လွှတ်တော်သက်တမ်းအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်းကလည်း အလားတူမေးခွန်းကို ကြံ့ခိုင်ရေးအမတ် ဦးသောင်းအေးက ပြည်သူ့လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့ဖူးသည်။

ဦးသောင်း၏ မေးခွန်းကို ထိုစဉ် လာရောက်ဖြေကြားခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က “လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းပြီးပါက အဲ့ဒီ ဥပပေဒနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမည်” ဟု ဖြေကြားခဲ့သည်။

သို့သော် လွန်ခဲ့သည့် တစ်နှစ်ခန့်က အလားတူ မေးခွန်းကို ယနေ့ လွှတ်တော်အစည်းအဝေးတွင် လာရောက်ဖြေကြားသည့်အခါတွင်မူ “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က ဆိုင်းငံ့ထားရန် သဘောတူအတည်ပြုခဲ့သည်ကို အလေးဂရုပြုလျက် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်းကို ပိုမိုကောင်းမွန်ပြည့်စုံစေရေးအတွက် ဆက်လက်ပြင်ဆင် ညှိနှိုင်းပြုစု ဆောင်ရွက်လျက်ရှိပါကြောင်း” ဦးအောင်မြင့်က ဆိုသည်။

ရွေးကောက်ပွဲကော်မရှင်၏ ဖြေကြားချက်နှင့်ပတ်သက်ပြီး မေးခွန်းရှင် ဦးစိုင်းသန်းနိုင်က “အရည်အချင်းမပြည့်ဝတဲ့သူကို ရုတ်သိမ်းတာ ဘာမှ ညှိစရာမရှိဘူး။နောက်ဆက်ပြောရမယ်ဆိုရင် ပြည်သူ့လွှတ်တော်မှာ ပျော်ဘွယ်မဲဆန္ဒနယ်က ဦးသောင်းအေး မေးလိုက်တာ ၆-၂-၂၀၁၇ တစ်နှစ်ကျော်သွားပြီဗျ။ အဲ့ဒီတုန်းကလည်း ဆောင်ရွက်နေပါတယ်ဆိုပြီး ဖြေခဲ့တယ်။တစ်နှစ်ကျော်ကြာတဲ့အခါ ဒါကို ထပ်မေးတယ်။လွှတ်တော်သက်တမ်းငါးနှစ်မှာ အခု နှစ်နှစ်ကျော်သွားပြီ။နောက်ထပ်အချိန်နည်းနည်းပဲ ကျန်တော့တယ်။ဒီသက်တမ်းမှာတော့ ဒီမိုကရေစီ အစိုးရ၊ ဒီမိုကရေစီ အခွင့်အရေးကို ဖော်ဆောင်ပေးမယ်ဆိုပြီး ဟစ်ကြွေးနေတဲ့ အစိုးရလက်ထက်မှာ ဒီအခွင့်အရေးတော့ ပြည်သူတွေက ရရှိသင့်တယ်ဆိုပြီးတော့ မေး ခွန်းကိုမေးတာပါ။ကော်မရှင်က လာဖြေတဲ့အပေါ် ကျေနပ်မှုမရှိဘူး” ဟု လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆(က)တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်းနှင့် ဥပဒေအရပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်း စသည့် အကြောင်းချင်းရာများနှင့် ငြိစွန်းပါက လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

အခြေခံဥပဒေပုဒ်မ ၃၉၆(ခ)တွင်လည်း “သက်ဆိုင်ရာမဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့်ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်” ဟု ပြဌာန်းထားသေးသည်။

တိုင်တန်းချက်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးရမည်ဖြစ်ပြီး တိုင်တန်းချက်မှန်ကန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဟုလည်း အခြေခံဥပဒေတွင် ဆိုထားသည်။

ပုဒ်မ ၃၉၇တွင်မူ “ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာ ကိစ္စများနှင့် စဉ်လျဉ်း၍ လည်းကောင်း၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်” ဟု ပါရှိသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာကိစ္စနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ပထမအကြိမ်၊ ပြည်ထောင်စုလွှတ်တော်သက်တမ်းအတွင်းက ဥပဒေကြမ်းတစ်ရပ် တင်သွင်းခဲ့ဖူးပြီး ဥပဒေကြမ်းအပေါ် ထိုစဉ် လွှတ်တော်ကိုယ်စားလှယ်များက ရှစ်ရာခိုင်နှုန်း၊ တစ်ဆယ်ရာခိုင်နှုန်း၊ နှစ်ဆယ်ရာခိုင်နှုန်း၊ နှစ်ဆယ့်ငါးရာခိုင်နှုန်းဟူ၍ အသီးသီး ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှုမရဘဲ အဆိုပါ ဥပဒေကြမ်းအား ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်။

မဲဆန္ဒရှင်ရာခိုင်နှုန်းနှင့်ပတ်သက်ပြီး ဦးအောင်မြင့်က “လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်ဖို့အတွက် ရာခိုင်နှုန်းအပြည့်နဲ့ နိုင်တဲ့လူရှိ ဖူးလား။ (မရှိပါဘူး)ဟုတ်တယ်နော် (မဲတစ်ဝက်ကျော်ပဲ) တစ်ဝက်ကျော် အဲ့ဒါဆိုရင် သေချာတာကတော့ သူ့ကို ၄၉ ရာခိုင်နှုန်း မထောက်ခံဘူးပေါ့။ ၁ ရာခိုင်နှုန်းနဲ့သာ တင်လို့ရနေရင် အမြဲတမ်းတင်နေရင် ဘယ်လိုလုပ်ကြမတုန်း” ဟု သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly