ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ရွေးကောက်ပွဲတွင် ၁၅ နေရာ ယှဉ်ပြိုင်မည်

ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ရွေးကောက်ပွဲတွင် ၁၅ နေရာ ယှဉ်ပြိုင်မည်

တောင်ကြီး (မဇ္ဈိမ) ။ ။ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) ပါတီသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အတွင်း  မြို့နယ် ခြောက်မြို့နယ်၌  ၁၅ နေရာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံရန် တောင်ကြီးခရိုင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ အမည်စာရင်း တင်သွင်းထားကြောင်း အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်သည်။

ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ရှမ်းပြည်နယ် အတွင်းတွင် တောင်ကြီးမြို့နယ်၊ ရပ်စောက် မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် မောက်မယ်မြို့ နယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

အဆိုပါ ကြေညာချက် အရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများအဖြစ် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၁ နှင့် အမှတ် ၉၊  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းများအဖြစ် တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ နှင့် ၂ ၊ ရပ်စောက်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ၊ ဟိုပုံးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ နှင့် ၂ ၊ ဆီဆိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ နှင့် ၂ ၊ ပင်လောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ နှင့် ၂ ၊ မောက်မယ်မြို့ နယ် မဲဆန္ဒနယ် အမှတ် ၂ တို့တွင်လည်းကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ အဖြစ် ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်များတွင်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဟုလည်း သိရှိရသည်။

ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ)ပါတီကို ၁၉၅၀ ပြည့်နှစ် သြဂုတ်  ၂ ရက်တွင် စတင် တည်ထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇွန် ၂၃ ရက်တွင် ပါတီထူထောင်ခွင့် မှတ်ပုံတင် အသစ် ပြန်လည်ရ ရှိခဲ့ကာ မှတ်ပုံတင်အမှတ်မှာ ၇၃ ဖြစ်သည်။

ပအိုဝ်းတိုင်းရင်းသားတို့အား ကိုယ်စားပြု တည်ထောင်ထားသည့် နိုင်ငံရေးပါတီများမှာ ပြည်ထောင်စု ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(ပအမဖ) နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ တို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly