ရန်ကုန်ယူနိုက်တက်အသင်းနဲ့ သန်ဟွာအက်ဖ်စီတို့ရဲ့ AFC Cup ပွဲကြိုစကားသံများ

ရန်ကုန်ယူနိုက်တက်အသင်းနဲ့ သန်ဟွာအက်ဖ်စီတို့ရဲ့ AFC Cup ပွဲကြိုစကားသံများ
(ဓာတ်ပုံ - MFF)

၂၀၁၈ AFC Cup ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်များအဖြစ် ဖေဖော်ဝါရီ ၂၇ (ယနေ့) ညနေ ၃း၃၀ မှာ မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ဗီယက်နမ်ကလပ် သန်ဟွာအက်ဖ်စီအသင်းတို့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင် ကစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

၎င်းပွဲစဉ်မတိုင်မီ ဖေဖော်ဝါရီ ၂၆ ရက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှ နှစ်ဖက်အသင်းနည်းပြများနှင့် ကစားသမားများရဲ့ ပြောစကားအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဦးမျိုးမင်းထွန်း(နည်းပြချုပ်) ရန်ကုန်ယူနိုက်တက်

“ရန်ကုန်ယူနိုက်တက်အသင်းက အုပ်စုအဆင့်မှာ ကျန်နေခဲ့မယ့် အသင်းတစ်သင်း မဟုတ်ပါဘူး။ အုပ်စုအဆင့်ကနေ ကျော်ဖြတ်သွားမယ့် အသင်းပါ။ ဒါကြောင့် ပွဲစဉ်တိုင်းကို အကောင်းဆုံးပုံစံနဲ့ အနိုင်ရရှိအောင် ကစားသွားမှာပါ။ အဝေးကွင်းမှာ ဘာလီယူနိုက်တက်အသင်းကို အနိုင်ရထားပေမယ့် အိမ်ကွင်းမှာ ဗီယက်နမ်ကလပ်ကို ပေါ့ပေါ့ဆဆ ကစားလို့ မရပါဘူး။ သန်ဟွာအသင်းက အသင်းကောင်းတစ်သင်းလည်းဖြစ်ပါတယ်။ အကောင်းဆုံးလူစာရင်းနဲ့ ပွဲထွက်ပြီး ရလဒ်ကောင်း ရရှိအောင် ကြိုးစားသွားမှာပါ။ လောလောဆယ်တော့အသင်းမှာ ငြိမ်းချမ်းအောင် တစ်ဦးက လွဲပြီး ဒဏ်ရာရ ကစားသမား မရှိပါဘူး” 

ရန်အောင်ကျော်(အသင်းခေါင်းဆောင်) ရန်ကုန်ယူနိုက်တက်

“ ဗီယက်နမ်ကလပ်က အေအက်ဖ်စီမှာ အသင်းကောင်းတစ်သင်းပါ။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ကိုယ့်အိမ်ကွင်းမှာ ကစားရမှာလည်း ဖြစ်လို့ ရလဒ်ကောင်းရအောင် ကြိုးစားသွားမှာပါ” 

မာရီယန်(နည်းပြချုပ်)သန်ဟွာအက်ဖ်စီ

“ ရာသီဥတုအခြေအနေက နည်းနည်းနောက်ကျပြီးမှ ကစားရင်တော့ ပိုကောင်းမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ကစားသမားတွေက ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် လေ့ကျင့်ပေးထားတဲ့အတိုင်း အကောင်းဆုံး ကစားနိုင်တဲ့သူတွေပါ။ ပြိုင်ပွဲမတိုင်မီ ကျွန်တော့်အနေနဲ့ စကားအများကြီး မပြောလိုပါဘူး။ ဒါကြောင့် ကွင်းထဲမှာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေကို မြင်တွေ့ရမှာပါ။ ရန်ကုန်ယူနိုက်တက်အသင်းက အသင်းကောင်းတစ်သင်းဆိုတာ သေချာပါတယ်။ သူတို့ကစားခဲ့တဲ့ ပွဲတွေကိုလည်း အကောင်းဆုံးလေ့လာထားပါတယ်။ လက်ရွေးစင်ကစားသမားတွေလည်း အများကြီးရှိတဲ့အသင်းပါ” 

အိုမာဖာရီ (အသင်းခေါင်းဆောင်) သန်ဟွာအက်ဖ်စီ

“ရန်ကုန်ယူနိုက်တက်အသင်းက အသင်းကောင်းတစ်သင်းဖြစ်လို့ ခက်ခက်ခဲခဲ ကစားသွားရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ အဝေးကွင်းနိုင်ပွဲရရှိအောင် ကြိုးစားသွားမှာပါ”

၂၀၁၈ AFC Cup ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်များအဖြစ် ယနေ့မှာ ရန်ကုန်ယူနိုက်တက်နဲ့ ဗီယက်နမ်ကလပ် ထန်ဟွာအသင်း၊ ရှမ်းယူနိုက်တက်နဲ့ ကမ္ဘောဒီးယားကလပ် အန်ကောအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

Source: MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags