ကာရက်စ်ကိုနဲ့ ဂိုင်တန်တို့ကို တရုတ်ကလပ်အသင်းထံ ရောင်းချလိုက်ကြောင်း အက်သလက်တီကို အတည်ပြု

ကာရက်စ်ကိုနဲ့ ဂိုင်တန်တို့ကို တရုတ်ကလပ်အသင်းထံ ရောင်းချလိုက်ကြောင်း အက်သလက်တီကို အတည်ပြု
(ဓာတ်ပုံ - အီးပီအေ)

အက်သလက်တီကိုမက်ဒရစ်အသင်းက တောင်ပံကစားသမား ကာရက်စ်ကိုနဲ့ ကွင်းလယ်လူ နီကိုဂိုင်တန်တို့ကို တရုတ်စူပါလိဂ်ကလပ် ဒါလီယန်ယီဖန်းအသင်းထံ ရောင်းချလိုက်ပြီဖြစ်တယ်လို့ တနင်္လာနေ့က အတည်ပြုကြေညာခဲ့ပါတယ်။

ဒါပေမယ့် အက်သလက်တီကိုအသင်းက အပြောင်းအရွှေ့နဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ထားတာ မရှိပါဘူး။

စပိန်ကလပ်အသင်းက ထွက်ခွာသွားတဲ့ ကစားသမားနှစ်ဦးအတွက် အကောင်းဆုံးဖြစ်ပါစေလို့ ဆုမွန်ကောင်းထားတဲ့ ကြေညာချက်နှစ်စောင်ကို သီးခြားစီ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါကစားသမားနှစ်ဦးဟာ အသင်းကစားဖော်တွေကို နှုတ်ဆက်စကားပြောဆိုဖို့ အက်သလက်တီကိုရဲ့ လေ့ကျင့်ရေးကွင်းသို့ ရောက်လာခဲ့တယ်လို့ သိရပါတယ်။

၂၀၁၅ ဇူလိုင်လက မိုနာကိုအသင်းမှ အက်သလက်တီကိုအသင်းသို့ ရောက်ရှိခဲ့တဲ့ အသက် ၂၄ နှစ်ရှိ ကာရက်စ်ကိုဟာ အသင်းအတွက် ၁၂၄ ပွဲကစားခဲ့ပါတယ်။ အဆိုပါဘယ်လ်ဂျီယံကစားသမားဟာ အက်သလက်အသင်းအတွက် ၂၃ ဂိုးသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၁၇ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းနဲ့ ၁၆ ပွဲပါဝင်ကစားထားတဲ့ အသက် ၃၀ အရွယ်ရှိ ဂိုင်တန်ဟာ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လက ဘင်ဖီကာအသင်းမှ အက်သလက်တီဂိုအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ဒီရာသီ ၁၃ ပွဲအပါအဝင် အသင်းအတွက် စုစုပေါင်း ၄၉ ပွဲ ကစားပေးခဲ့ပါတယ်။

အက်သလက်တီကိုအသင်းဟာ လာလီဂါအမှတ်ပေးဇယားဦးဆောင်သူ ဘာစီလိုနာနဲ့ ၇ မှတ်အကွာ ရမှတ် ၅၈ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags