ဒဏ်ရာရရှိနေတဲ့ နေမာ ချန်ပီယံလိဂ်ရှုံးထွက် ဒုတိယအကျော့မှာ ပါဝင်ကစားနိုင်ရန် မျှော်လင့်ဟု ဇီဒန်း ပြော

ဒဏ်ရာရရှိနေတဲ့ နေမာ ချန်ပီယံလိဂ်ရှုံးထွက် ဒုတိယအကျော့မှာ ပါဝင်ကစားနိုင်ရန် မျှော်လင့်ဟု ဇီဒန်း ပြော

ရီးယဲလ်အသင်းနည်းပြ ဇီဒန်းက ဒဏ်ရာရရှိသွားတဲ့ ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးတိုက်စစ်မှူး နေမာအတွက် စိတ်မကောင်းဖြစ်မိကြောင်း၊ လာမယ့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျာ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်ရန် မျှောင်လင့်နေတယ်လို့ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

နေမာဟာ ပီအက်စ်ဂျီအသင်းက မာဆေးလ်အသင်းကို ၃-၀ ဂိုးနဲ့ နိုင်တဲ့ပွဲစဉ်မှာ ညာဘက်ခြေချင်းဝတ် လည်သွားပြီး ထမ်းစင်ဖြင့် ကွင်းတွင်းမှ ထွက်ခွာသွားခဲ့ပါတယ်။

နေမာဟာ အဆိုပါပြင်းထန်တဲ့ ဒဏ်ရာကြောင့် မတ်လ ၆ ရက်မှာ ရီးယဲလ်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွှဲချော်နိုင်တယ်လို့လည်း သိရပါတယ်။

“ဒါက ဝမ်းမြောက်စရာအကြောင်းတော့ မဟုတ်ပါဘူး။ ကစားသမားတွေ ဒဏ်ရာရှိတာကို ကျနော် မနှစ်သက်ပါဘူး။ နေမာရဲ့ ဒဏ်ရာအတွက် ကျနော် မပျော်ရွှင်ပါဘူး။ ပြိုင်ဘက်အသင်းက ကစားသမားတစ်ယောက် ဒဏ်ရာရနေတာမျိုးကို ကျနော် ဘယ်တော့မှ မလိုလားပါဘူး။ နေမာ ကစားနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ဇီဒန်းက အက်စ်ပန်ညိုနဲ့ လာလီဂါပွဲစဉ်အကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ပီအက်စ်ဂျီနဲ့ မာဆေးလ်ပွဲစဉ်ကို ကျနော် ကြည့်ရှုခဲ့ပါတယ်။ နေမာရဲ့ ဒဏ်ရာဟာ ဘာမှ အန္တရာယ်မရှိဖို့ မျှော်လင့်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပထမအကျော့ပွဲစဉ်အဖြစ် ဘာနေဗျူးကွင်းမှာ ၁-၃ ဂိုးနဲ့ အရေးနိမ့်ထားရာ အခုပွဲစဉ်မှာ ဂိုးပြတ်အနိုင်ကစားဖို့ လိုအပ်နေချိန်မှာ အဓိကကစားသမားတစ်ဦးဖြစ်တဲ့ နေမာကို ဆုံးရှုံးရဖွယ်ရှိနေပါတယ်။

ဒါပေမယ့် ဇီဒန်းက “ပီအက်စ်ဂျီအသင်းအနေနဲ့ လာမယ့်ပွဲစဉ်ကို ကစားသမားတစ်ယောက်အတွက် ထိခိုက်လိမ့်မယ်လို့ ကျနော် မထင်မိပါဘူး။ နေမာ မကစားနိုင်နိုင်ရင်လည်း သူ့နေရာအတွက် အမြဲတမ်း အစားထိုး ကစားပေးမယ့်သူ ရှိနေလို့ပါပဲ။ အစားထိုးဝင်ကစားမယ့်သူဟာ စိတ်ဓာတ်တက်ကြွနေမှာဖြစ်ပြီး ဒီပွဲကို ကစားဖို့ အဆင်သင့်ဖြစ်ပါလိမ့်မယ်။”လို့ ဆိုပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags