သတင်းမီဒီယာလွတ်လပ်ခွင့် ကာတွန်းပြပွဲပြုလုပ်

သတင်းမီဒီယာလွတ်လပ်ခွင့် ကာတွန်းပြပွဲပြုလုပ်
ဓာတ်ပုံ - ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၆ ။                အစိုးရလိျှု့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ- ၃ ဖြင့် ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းဌာနမှ သတင်း ထောက် ၂ ဦးဖမ်းဆီးခံထားရမှုနှင့်ပတ်သက်ပြီး ကာတွန်းဆရာ ၄၃ ဦး၏ လက်ရာများပါဝင်သော သတင်း မီဒီယာလွတ်လပ်ခွင့် ကာတွန်းပြပွဲအား ပြုလုပ်ခဲ့သည်။

ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်၊ ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ ၃၄ လမ်း၊ အထက်ဘလောက်ရှိ မြန်မာ ဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကာတွန်းပြပွဲကို ၃ ရက်ကြာပြသသွားမည်ဖြစ်သည်။

“ ရိုက်တာသတင်းသမား ၂ ယောက်ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီးတော့ ကိုဇာနည်ဝင်းက အကူအညီတောင်း တယ်ပေါ့နော်။ သူ့အနေနဲ့ တုန့်ပြန်မှုလုပ်ချင်တယ်ပေါ့နော်။ ဒါကြောင့် ကျွန်တော်က ဒီအပေါ်မှာစိတ်ပါတဲ့ ရပ် တည်ပေးနိုင်မယ့် ကာတွန်းဆရာတွေကို ချိတ်ပေးတယ်။  သူတို့ကာတွန်းတွေကို ပို့ပြီး ပါဝင်ကြတာပေါ့။ ပုံ ၈ဝ ကျော်ပို့ တယ်ပြောတယ်။ ပုံ ၈ဝကျော်ထဲက သူက အဆင်ပြေမယ့်ပုံ ၄၃ ပုံ။ ကာတွန်းဆရာ ၄၃ ယောက်ရဲ့ ကာတွန်းတွေ ပြထားတယ်”ဟု ကာတွန်းဆရာ မောင်မောင်ဖောင်တိန်က မဇ္ဈိမသို့ ပြောသည်။

ယခုကဲ့သို့ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သက်ဆိုင်သည့်  ကာတွန်းပြပွဲများကို  အခြားမြို့နယ်များတွင်လည်း ပြသနိုင်ရန်အတွက် စီစဉ်ထားကြောင်း သိရသည်။

“ သတင်းသမားဆိုတာက အရပ်လေးမျက်နှာမှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးရတဲ့သူတွေ။ သူတို့သတင်းအလုပ်မလုပ်ဘူးဆိုရင် ဘယ်သူမှ သတင်းတွေကို သိဖို့အခြေအနေမပေးတော့ဘူး။ သိရင် လည်း အင်မတန်မှ နောက်ကျလိမ့်မယ်။ ၅ လကြာမှ သိရင်သိမယ်။ ၆ လကြာမှ သိရင်သိမယ်။ ဒါကြောင့်မို့လို့ သတင်းသမားက အများသိအောင်လို့ အများသိသင့်တဲ့ အချက်အလက်တွေကို ထုတ်ဖော်နေရတဲ့သူတွေဖြစ်တယ်။ ဒီလူတွေကို ဟန့်တားတာဟာ ဟန့်တားတဲ့သူတွေပဲထိခိုက်တယ်”ဟု မြန်မာဂျာနယ်လစ်ကွန်ရက်မှ အ လုပ်အမှုဆောင်အဖွဲ့ဝင် ဦးဇာနည်ဝင်းက မဇ္ဈိမသို့ ပြောသည်။

ရိုက်တာသတင်းဌာနမှ ကိုဝလုံး(ခ)ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦး(ခ)ကိုမိုးအောင်တို့ကို မောင်တောမြို့နယ် လုံခြုံရေးရဲတပ်ဖွဲ့ အစီရင်ခံစာမိတ္တူတချို့တွေ့ရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်၊ ည ၉ နာရီခန့် အချိန်တွင် အစိုးရလိျှု့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ- ၃ ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပုဒ်မဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင်တရား ရုံးတွင် တရားစွဲတင်ကာ စတင်စစ်ဆေးနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly