ပြည်ထောင်စုဝန်ကြီးများကို လုပ်အားနှစ်ဆတိုးဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ပြည်ထောင်စုဝန်ကြီးများကို လုပ်အားနှစ်ဆတိုးဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ဓာတ်ပုံ - မင်းမင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆  ။         ။ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂တွင် ယနေ့ ဖေဖော်ဝါရီ ၂၆ရက်နေ့က ကျင်းပပြုလုပ်သောမြန်မာနိုင်ငံ၏ဖွံ့ဖြိုးမှုအကူအညီများ ထိရောက်မှုရှိစေရေး ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုဝန်ကြီးများကို လုပ်အားနှစ်ဆ တိုးပြီးဆောင်ရွက်ကြရန် တိုက်တွန်းပြောဆိုလိုက်သည်။

“မိမိတို့ရဲ့ ပြည်ထောင်စုဝန်ကြီးတွေကို လုပ်အားနှစ်ဆတိုးပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့များ အနေနဲ့လည်း လုပ်ငန်းများ ပြီးမြောက်နိုင်ဖို့ နည်းပညာ ဖြစ်စေ၊ ဘဏ္ဍာရေး (ဒါမှမဟုတ်)အခြားအချင်းအရာဖြစ်စေ လိုအပ်တဲ့အရင်းအမြစ်တွေ ရရှိသုံးစွဲနိုင်အောင် စဉ်းစားပေးကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောကြားသည်။

ယနေ့ကျင်းပပြုလုပ်သော ဆွေးနွေးပွဲတွင် နိုင်ငံတကာမှ ဖွံ့ဖြိုးမှု မိတ်ဖက် နိုင်ငံပေါင်း ၈၀ကျော်မှ တာဝန်ရှိသူ များအပြင် INGOs မှ တာဝန်ရှိသူများ၊ ပုဂ္ဂိလိက ကဏ္ဍ UMFCCI မှတာဝန်ရှိသူများ၊ လွှတ်တော်မှ တာဝန်ရှိသူ များနှင့် ပြည်နယ်တိုင်းဒေသကြီး အစိုးရမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

နိုင်ငံတကာ အဆက်အသွယ်များနှင့် နှစ်ပေါင်းများစွာ ဖြတ်တောက်ခြင်းခံထားရသည့် အချိန်တွင်းမှာ တိုးတက်မှု တစ်ချို့ဆုတ်ယုတ်ခဲ့ရသည့် နိုင်ငံ၏ ဌာန/ အဖွဲ့အစည်းများကို ပြန်လည် အသက်ဝင်လာစေရန် အားအင်များဖြည့်ဆည်းပေးခဲ့သည့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အကူအညီများသည် အရေးပါသည့် နေရာတွင် ရှိနေကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသည် ယနေ့ အချိန်ခါမှာ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကျော်ဖြတ်ရန် အလွန်စိတ်အား ထက်သန်ပြီး ထပ်၍ကြုံလာမည့် အခက်အခဲများကို ကြိုဆိုလက်ခံပြီး   ကျော်ဖြတ်သွားမည်ဖြစ်ကြောင်း ဆက်ပြောသည်။

ထို့ကြောင့် “ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့များ အားလုံးဟာ ကျွန်မတို့အနားမှာ နီးနီးကပ်ကပ်ရှိနေကြမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားရာမှာ ကျွန်မတို့ရဲ့ ဖွံ့ဖြိုးမှုမိတ်ဖက်တွေကို ဘဏ္ဍာရေးအရင်းအမြစ်နဲ့ နည်းပညာအကူအညီအတွက် သာမက တစ်ခါတစ်ရံမှာ ကျွန်မတို့ကို အားပေး လှုံ့ဆော်ပေးကြဖို့ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့များ အားလုံးကို ကျွန်မတို့အားကိုးလိုပါတယ်”ဟု ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly