ဝိနည်းနှင့်မညီဘဲ အတင့်ရဲလာသည့် သံဃာတချို့ကို “ပွဲမပြီးသေး” ဟု သာ/ယဉ်ဝန်ကြီး သတိပေး

ဝိနည်းနှင့်မညီဘဲ အတင့်ရဲလာသည့် သံဃာတချို့ကို “ပွဲမပြီးသေး” ဟု သာ/ယဉ်ဝန်ကြီး သတိပေး
မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဖေဖော်ဝါရီ ၂၆ရက်၊ ၂၀၁၈ခုနှစ်)။ ။ ဝိနည်းနှင့်မညီသည့် သံဃာတချို့ အတင့်ရဲလာပြီး ထိုသံဃာများကို မှတ်တမ်းတင်ထားသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားလိုက်သည်။

ဝိနည်းနှင့်မညီဘဲ စည်းကမ်းဖောက်ဖျက်သည့် သံဃာများကို ဓမ္မစက်ဖြင့် ထိန်းသိမ်းရကြောင်း၊ ဓမ္မစက်နှင့်ထိန်းသိမ်း၍ မရပါက အာဏာစက်ဖြင့် အရေးယူဆောင်ရွက်ရကြောင်း ဖေဖော်ဝါရီ ၂၆ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် သူရဦးအောင်ကိုက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ အရေးယူရာတွင် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၊ အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုက ညီညွတ်ဖို့ လိုအပ်ပြီး “မညီညွတ်ဘဲနဲ့တော့ ခုနသံဃစည်းကမ်းထိန်းသိမ်းရန် သာမန်အသေးအဖွဲ့ကိစ္စလေးတွေလောက်ပဲ အရေးယူနိုင်ပြီးတော့မှ အကြီးအကျယ်ကိစ္စတွေမှာ အရေးမယူနိုင်ဘဲနဲ့ လျစ်လျူရှုတာတော့ မဟုတ်ဘဲနဲ့ စောင့်ကြည့်မှတ်တမ်းတင်ထားတဲ့ အနေအထားမျိုးနဲ့ဘဲ အချိန်တွေက ကြာသွားလိမ့်မယ်” ဟု သူရဦးအောင်ကိုက ပြောသည်။

ဆက်လက်ပြီး သူရဦးအောင်ကိုက “တချို့သံဃာတွေ၊ တချို့ရဟန်းတွေကလည်း အတင့်ရဲလာနေတယ်။ မပြီးပါဘူး။ ပွဲမပြီးဘူး။ မှတ်တမ်းတင်ထားပါတယ်” ဟုလည်း ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့တွင် ကျင်းပသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(မဟန) ၄၇ပါး စုံညီအစည်းအဝေးနှင့် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်အဖွဲ့အစည်းအဝေးများတွင် ဝန်ကြီးသူရဦးအောင်ကိုက ဝိနည်းနှင့်မညီသည့် ရဟန်း၊ သာမဏေများကို မဟန၏ တည်ဆဲ ဝိနိဇယဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလေးထားပြီး အရေးယူဆောင်ရွက်သွားရန် လျှောက်ထားတင်ပြခဲ့သည်။

အဆိုပါ သံဃာ့စည်းကမ်းထိန်းသိမ်းရေးကို ဦးစားပေးလုပ်ဆောင်ရန် လျှောက်ထားမှုအပေါ် မဟနနှင့် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်အဖွဲ့တို့က သဘောတူညီခဲ့သည်ဟုလည်း ဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

“ယခင်ကထက် ပိုပြီးတော့မှ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖို့ လုပ်မှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် သာသနာတော်ကြီးက သန့်သန့်ရှင်းရှင်းနဲ့ တည်တံ့မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် သံဃာတချို့၏ ဝိနည်းနှင့်မညီဘဲ ပြောဆို၊ တိုက်တွန်း၊ နှိုးဆော်မှုများအပေါ် မှတ်တမ်းတင်ထားရှိကာ မြို့နယ်တိုင်းတွင် ဖွဲ့စည်းထားသည့် သံဃာ့စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များထံ လျှောက်တင်ထားသည်ဟုလည်း ၎င်းက ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly