လူငယ်နဲ့ စကားပြေအရေးအသားပြဿနာ ( ၂ )

လူငယ်နဲ့ စကားပြေအရေးအသားပြဿနာ ( ၂ )

စာရေးတဲ့အခါ ပထမဆုံး ရင်ဆိုင်ရမယ့်ကိစ္စက “ဘာအကြောင်းအရာကို ရေးမှာလဲ”ဆိုတဲ့ကိစ္စပါပဲ။

အထင်ရှားဆုံး ဥပမာပေးရရင် ကျောင်းနေစဉ် စာမေးပွဲဖြေတဲ့အခါ စာစီစာကုံးမေးခွန်းဖြေရသလိုပါပဲ။ စာစီစာကုံးမေးခွန်းမှာ တစ်ခါတလေ ခေါင်းစဉ် သုံးခုလောက်ပေးထားတာမျိုး ကြုံရတတ်ပါတယ်။ စာဖြေသူက အဲဒီသုံးခုအနက်က ကိုယ်ကြိုက်တဲ့ခေါင်းစဉ်နဲ့ စာစီစာကုံးရေးရမှာပါ။ အဲဒီအခါကြတော့ စာဖြေသူက ဘယ်ခေါင်းစဉ်နဲ့ရေးမလည်းဆိုတာ ရွေးရပါတယ်။ အဲဒါ ခေါင်းစဉ်အပေါ်မူတည်တဲ့ အကြောင်းအရာကို စဉ်းစားတဲ့သဘောပါပဲ။ နွေဦးကာလ ဆိုတဲ့ခေါင်းစဉ်ဆိုပါတော့ အဲဒီခေါင်းစဉ်နဲ့ပတ်သက်တဲ့အကြောင်းအရာကို ဦးစွာပထမ ရွေးချယ်စဉ်းစားရတဲ့သဘောပါပဲ။ အဲဒါ စကားပြေရေးတဲ့အခါ အကြောင်းအရာကို အရင်ရွေးချယ်စဉ်းစားခြင်းဆိုတဲ့ ပြဿနာကို ဦးစွာပထမ ရင်ဆိုင်ကြရတဲ့သဘောပါပဲ။

စာရေးတယ်ဆိုတာ ကိုယ်ပြောပြချင်တဲ့အကြောင်းအရာ ကိုယ့်ရည်ရွယ်ချက်ကို ပါးစပ်နဲ့မပြောဘဲ စာနဲ့ရေးပြီးပြောခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့ စာရေးသူမှာ စာနဲ့ချရေးပြောဖို့ရာ အကြောင်းအရာ ရှိကိုရှိရပါမယ်။ ဒါ့အပြင် အဲဒီအကြောင်းအရာကို ရောက်တတ်ရာရာ လျှောက်ရေးပြီးပြောပြလို့ကလည်း မဖြစ်ပါဘူး။ စာဖတ်သူကို အကြောင်းအရာတစ်ခုခု သိစေလိုလို့ ရေးခြင်းဖြစ်တာမို့ “ရည်ရွယ်ချက်”လည်းရှိရပါမယ်။ ဘယ်လိုအကြောင်းအရာကို သိစေချင်သလဲဆိုတဲ့ ရည်ရွယ်ချက် ရှိရပါမယ်။

ပြန်ကောက်ရမယ်ဆိုရင် စကားပြေရေးသူတစ်ဦးမှာ “အကြောင်းအရာ ရှိရမယ်။ ရည်ရွယ်ချက်” ရှိရမယ်။ 

ကောင်းပါပြီ။ ချရေးပြီးပြောစရာ အကြောင်းအရာ လည်းရှိပြီ။ ရည်ရွယ်ချက်လည်း ရှိပါပြီ။ သို့သော် အကြောင်းအရာက မပီမပြင် မထင်မရှား ဝို့တို့ဝါးတားဖြစ်နေလျင်လည်း မထိရောက်နိုင်ပါ။ အကြောင်းအရာက မပီပြင်လျင် ရည်ရွယ်ချက်ကိုရောက်အောင် ထိအောင် ရေးနိုင်ဖို့လည်း မဖြစ်နိုင်တော့ပါ။ အတွေးမရှင်းရင် အရေးလည်း မရှင်းနိုင်တော့ပါဘူး။

ဒုတိယ ရင်ဆိုင်ရမယ့်ကိစ္စ ရှိပါသေးတယ်။ အဲဒါကတော့ စကားပြေချရေးမယ့်သူဟာ “ဘယ်လိုရည်ရွယ်ချက်နဲ့ ရေးမလဲ”ဆိုတဲ့ကိစ္စဖြစ်ပါတယ်။

ဘယ် စာရေးသူမဆို “အခြေခံအားဖြင့် ရည်ရွယ်ချက်နှစ်မျိုး”ပဲ ရှိတတ်ပါတယ်။

“တစ်၊ ဗဟုသုတပေးရန်။” “နှစ်၊ ရသပေးရန်” ဆိုပြီး ရည်ရွယ်ချက် နှစ်မျိုးနှစ်စား ရှိပါတယ်။

တစ် အချက်ဖြစ်တဲ့ ဗဟုသုတပေးရန်ရည်ရွယ်ပြီးရေးတဲ့စာတွေက စာဖတ်သူကို သိအောင်၊ နားလည်အောင် ဗဟုသုတဖြစ်အောင်ရေးတဲ့စာတွေပါပဲ။ အသိပေး၊ ပညာပေး၊ သုတပေး စာတွေလို့လည်း ပြောနိုင်ပါတယ်။ ဥပမာ ရေကူးနည်း၊ ကစားခုန်စား၊ ကျန်းမာရေး၊ သိပ္ပံပညာ၊ ဥပဒေပညာ အစရှိတဲ့ ဗဟုသုတဖြစ်စေတဲ့ စာမျိုးကို ဆိုလိုပါတယ်။ အချက်အလက်ကိုပေးတဲ့စာပေအမျိုးအစား အချက်ပေးလိုတဲ့စေတနာနဲ့ရေးတဲ့စာပေအမျိုးအစားလို့လည်း ပြောနိုင်ပါတယ်။

နှစ် အချက်ကတော့ စာဖတ်သူကို ရသတစ်ခုခုဖြစ်အောင် ရအောင်ရေးတဲ့စာအမျိုးအစားပါပဲ။ ခံစားတတ်အောင်ဆိုတဲ့စေတနာနဲ့ ရေးတဲ့စာပါပဲ။ စာဖတ်သူကို စာရေးသူနည်းတူ ချစ်တတ်၊ မုန်းတတ်၊ ဒေါသဖြစ်တတ်၊ ငြင်းဆိုတတ်လာစေဖို့ဆိုတဲ့ စေတနာနဲ့ရေးတဲ့စာတွေပါပဲ။ ကဗျာ၊ ဝတ္ထု၊ ပြဇာတ်ဆိုတဲ့ စာပေအမျိုးအစားတွေပါပဲ။ ဒီနေရာမှာ စာရေးသူရဲ့ စေတနာ သို့မဟုတ် ရည်ရွယ်ချက် ပေါ်လွင်ဖို့ဆိုရင် စာရေးသူရဲ့ စိတ်အထားအသိုအပေါ်မူတည်နေတာ တွေ့နိုင်ပါတယ်။ စာရေးသူက စေတနာထားရင်ထားသလောက် သူရေးတဲ့စာဟာလည်း ထိရောက်လာစေမှာပါပဲ။ တနည်းအားဖြင့်ပြောရရင် စာကောင်းပေမွန် ဖြစ်ခြင်းမဖြစ်ခြင်းဟာ စာရေးသူ စေတနာပါခြင်း မပါခြင်းအပေါ်မူတည်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဆရာကြီးပီမိုးနင်းပြောဖူးတဲ့စကားရှိပါတယ်။ “စာကောင်းပေကောင်းရေးဖွဲ့သည့်အတတ်သည် စာကိုရေးသောအတတ်မဟုတ်၊ စိတ်ကိုရေးသောအတတ်ဖြစ်သည်” လို့ ပြောဖူးပါတယ်။

စာရေးသူတစ်ဦးအဖို့ နောက်ထပ်ရင်ဆိုင်ရမယ့်ကိစ္စ ရှိပါသေးတယ်။ အဲဒါကတော့ “စနစ်တကျထားသိုတတ်မှု သို့မဟုတ် ရွေးချယ်စီစဉ်မှု”ပဲဖြစ်ပါတယ်။

စာရေးသူတစ်ဦးမှာ ရေးမယ့်အကြောင်းအရာလည်း ရှိပြီ၊ ပြောပြရေးပြချင်တဲ့ စေတနာလည်း ရှိပါပြီ၊ ဒါပေမယ့် အဲဒီအကြောင်းအရာ ရှိရုံ၊ စေတနာရှိရုံနဲ့လည်း အဆင်မပြေသေးပါဘူး၊ အဲဒီအကြောင်းအရာကို စေတာထက်ထက်သန်သန်ထားပြီး စနစ်တကျ ဖွဲ့စည်း စည်းရုံးတည်ဆောက်တတ်ဖို့လည်း လိုလာပြန်ပါတယ်။

ဥပမာပြရမယ်ဆိုရင် အိမ်တစ်လုံးဆောက်ဖို့အတွက် သစ်သားတွေ သံတွေ အစရှိတဲ့ အိမ်တစ်လုံးအတွက် လိုအပ်တဲ့ကုန်ကြမ်းအဆင်သင့်ရှိပြီဆိုပါစို့၊ အဲဒီအိမ်ကိုလည်း အမတန်လှတဲ့ခေတ်မီမီ အိမ်ကလေးဆောက်ပြချင်တယ်ဆိုပါစို့ စာရေးသူဟာ ဘယ်သစ်သားကိုဘယ်နေရာမှထားရမယ် ဘယ်သစ်သားကိုဖြင့် တိုင်၊ ဘယ်သစ်သားကိုဖြင့် ဒိုင်း၊ ဘယ်သစ်သားကိုဖြင့် အခင်း အစရှိသဖြင့် သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်အောင် ဖွဲ့စည်းစည်းရုံးတတ်ဆင်တတ်ဖို့ လိုလာပြန်ပါတယ်။

အဲသလိုပါပဲ။ စာရေးသူဟာ သူရေးမယ့်အကြောင်းအရာကို စိတ်ထက်ထက်သန်သန်နဲ့ ဘယ်လိုစရေးမယ် ဘယ်လိုဇာတ်အိမ်တည်မယ် ဘယ်လိုအဆုံးသတ်မယ်ဆိုတာ ရှိလည်းရှိ သိလည်း သိနေဖို့လိုပါတယ်။ အဲသလို သိထားမှသာ ကောင်းမွန်တဲ့စကားပြေတစ်ပုဒ် ထိရောက်အောင်မြင်တဲ့ စကားပြေတစ်ပုဒ် ဖြစ်လာမှာပါ။

ကောင်းပြီ။ အစကနေ ပြန်ကောက်ရရင် စာရေးသူတစ်ဦးမှာ “အကြောင်းအရာရှိရမယ်။ စေတနာလို့ခေါ်တဲ့ ရည်ရွယ်ချက် ရှိရမယ်။ နောက်တစ်ချက် အတတ်ပညာ ရှိရရှာရဖန်တီးတတ်ရမယ်”။ ဒါပါပဲ။

အခုပြောခဲ့တာတွေဟာ စကားပြေကောင်းတစ်ပုဒ်ဖြစ်ဖို့ စာရေးသူတွေမလွဲမသွေ ရင်ဆိုင်ဖြတ်ကျော်ရမယ့် အဆင့်တွေပါပဲ။ အဲဒီအဆင့် သုံးဆင့်ဟာ တဆင့်နဲ့တဆင့် ကျော်သွားတာမျိုး ပြောင်းပြန်စဉ်းစားတာမျိုးလုပ်လို့မရပါဘူး။ သူ့အဆင့်နဲ့သူ စဉ်းစားထား နှလုံးသွင်းထားမှာသာလျင် ကောင်းမွန်တဲ့ စကားပြေတစ်ပုဒ် ဖြစ်လာမှာပါ။

ကိုင်း ဒီကနေ့တော့ ဒီလောက်ပါပဲ။

နောက်နေ့တွေမှာ ဆက်ပြီးဆွေးနွေးကြတာပေါ့။

လူငယ်တိုင်း စကားပြေအရေးအသား မှန်ကန်ထိရောက် အောင်မြင်နိုင်ပါစေ။

အပိုင်း(၁) အား ဖတ်ရန်-http://www.mizzimaburmese.com/article/37601

Mizzima Weekly