တောင်တွင်းကြီးမြို့ ရတနာပွင့်လှရေကန်တွင်း လူသေအလောင်း တစ်လောင်း တွေ့ရှိ

တောင်တွင်းကြီးမြို့ ရတနာပွင့်လှရေကန်တွင်း လူသေအလောင်း တစ်လောင်း တွေ့ရှိ
ဓာတ်ပုံ - ထက်သူရ(တောင်တွင်းကြီး)

တောင်တွင်းကြီး၊ ဖေဖော်ဝါရီ ၂၆ ။            ။ ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် တောင်တွင်းကြီးမြို့ ရတနာပွင့်လှ ကန်တော်ကြီးကန်အတွင်း လူသေအလောင်းတစ်လောင်း တွေ့ရှိခဲ့ရသည်ဟု သိရသည်။

ဖြစ်စဉ်မှာ ရတနာပွင့်လှ ကန်တော်ကြီးကန် ဆိုင်းဘုတ်၏အောက်တည့်တည့်အနက်ပေ(၁၅)ပေခန့်အကွာရှိ အုတ်စီကန်ဘောင်ပေါ်၌ သွေးကွက်တစ်ကွက်အားတွေ့ရှိရပြီး ၎င်းသွေးကွက်နှင့်(၂)ပေခန့်အကွာ ရေအနက်(၅)ပေခန့်တွင် လူသေအလောင်းတစ်လောင်းအား မှောက်လျှက် အနေအထားဖြင့် တွေ့ရှိခဲ့ရပြီး အနီးနား၌ ဂွင်းထိုးဖိနပ်တစ်ဖက် အား တွေ့ခဲ့ရသည်ဟု တောင်တွင်းကြီးမြို့မရဲစခန်းမှ သိရသည်။

သေဆုံးသူ၏ ဘယ်ဘက် အိပ်ကပ်ထဲတွင် ငွေ (၂၁၃၂၀၀)ကျပ်၊ဘယ်ဘက်လက်နှင့်လည်ပင်းတို့တွင် ရွှေဟုယူဆရသည့် မောင်းကွင်းလက်စွပ် တစ်ကွင်းနှင့် ဆွဲကြိုးတစ်ကုံးအား တွေ့ရှိခဲ့ရပြီး ဦးခေါင်းငယ်ထိပ်၌ ဖူးရောင်လျှက်ရှိကာ သေဆုံးသူမှာ တောင်တွင်းကြီးမြို့ ရွှေအိုး(၁)ရပ်ကွက်နေ၊အောင်နိုင်ထွန်းဖြစ်သည်ကို ဆယ်ယူခဲ့ရာမှ သိရှိခဲ့ရသည်ဟု တောင်တွင်းကြီးမြို့မရဲစခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် ရတနာပွင့်လှ ကန်တော်ကြီးကန်ဆိုင်းဘုတ်ရှေ့တွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့်ဘီယာဘူးရှည်(၁)ဘူး၊ ရေသန့် ၁ဘူးနှင့်ဖိနပ်တစ်ဖက်အားတွေ့ခဲ့ရသည်ဟု သိရသည်။

၎င်းနှင့်သက်ဆိုင်သည့် မိသားစုများက သေဆုံးသူသည် ပရဟိတလုပ်ငန်းများလုပ်ကိုင်နေသူဖြစ်၍ ရန်ငြိုးရန်စ တစ်စုံတစ်ရာမရှိကြောင်းနှင့်အရက်အလွန်အကျွံသောက်သုံးတတ်သူဖြစ်သောကြောင့် အမူးလွန်၍ ကန်အတွင်းသို့ကျကာ ရေနစ်သေဆုံးခဲ့ရသည်ဟု ထင်မြင်မိကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တောင်တွင်းကြီးမြို့မရဲစခန်း စခန်းမှူးဒုရဲမှူးသိန်းထွန်းက တရားလိုပြုလုပ်တိုင်တန်း၍သေမှုသေခင်း အမှတ်စဉ်(၅/၁၈)ဖြင့် အမှုရေးဖွင့်ပြီး ဆက်လက်စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း တောင်တွင်းကြီးမြို့မ ရဲစခန်းမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly