မြန်မာအစိုးရနှင့် ဆန်စပါးအသင်းချုပ်တို့မှ ပူးပေါင်းကာ သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသည့် သိရီလင်္ကာ နိုင်ငံအား ဆန်တန်ချိန် ၃၀၀ အား ကူညီလှူဒါန်း

.

မြန်မာနိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ပူးပေါင်းကာ သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသည့် သိရီလင်္ကာနိုင်ငံအား ကျပ် သိန်း ၁၇၀၀  တန်ဖိုးရှိ ဆန်တန်ချိန် ၃၀၀ အား ကူညီလှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲကို ဖေဖော်ဝါရီလ ၂၄ ရက်က ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပင်လယ်ကိုးသွယ်အဆင့်မြင့် ဆန်စက် ၀င်းအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ သိရီလင်္ကာသံအမတ်ကြီးက လက်ခံခဲ့သည်။

ယင်းကဲ့သို့ လှူဒါန်းခဲ့မှုနှင့်ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က " သိရီလင်္ကာနိုင်ငံမှာ ပြီးခဲ့တဲ့ မိုးတွင်းကာလက ရေကြီးမှုတွေဖြစ်တယ်။ ဆန်အခက်အခဲ ဖြစ် တယ်။ စားနပ်ရိက္ခာ အခက်အခဲဖြစ်တဲ့အတွက် မြန်မာနိုင်ငံအစိုးရကို သိရီလင်္ကာအစိုးရက အကူအညီ တောင်းတဲ့အတွက် မြန်မာ နိုင်ငံ အစိုးရကနေပြီးတော့ သိရီလင်္ကာကို လှူပါတယ်။ အဲလိုလှူတဲ့နေရာမှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တော့ ဒီဆန် ၃၀၀ ကို ဆန်စပါးအသင်းချုပ်ရဲ့ အစီအစဉ်နဲ့ လှူဒါန်းပေးပြီး တော့ ကျန်တဲ့ လိုအပ်တာတွေကို နိုင်ငံတော်ကနေပြီးတော့ ထည့်ဝင်ပြီးတော့ ကူညီလှူဒါန်းပေးပါတယ်" ဟု ဆိုသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထည့်ဝင်သည့် ဧည့်မထအလယ်စား  (၁၅ မတ်)ဆန် တန် ၃၀၀ နှင့် အဆိုပါ ဆန်အား  ရန်ကုန် ဆိပ်ကမ်းမှ သိရီလင်္ကာနိုင်ငံဆိပ်ကမ်းအထိ သယ်ယူပို့ဆောင်စရိတ်အား နိုင်ငံတော်မှ အကုန်ကျခံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က " တချိန်တုန်းကလည်း သိရီလင်္ကာနိုင်ငံက ကျွန်တော်တို့ဆီက ဆန်တွေဝယ်တယ်။ အခုလည်း ဆန်တွေ ၀ယ်ပြီး စားသုံးနေတာပဲ။ ဆန်တင်မဟုတ်ဘူး တခြားလယ်ယာထွက်ကုန်ပစ္စည်းတွေလည်း ၀ယ်တဲ့အခါမှာ တနည်းအား ဖြင့် ပြောရင် သိရီလင်္ကာနိုင်ငံက ပြည်သူတွေ  ကျွန်တော်တို့ရဲ့ ကာစတန်မာတွေလည်းဖြစ်တော့ သူတို့နိုင်ငံမှာ ဒီလိုထိခိုက် နစ်နာမှုတွေ ရှိတဲ့အခါမှာ ကျွန်တော်တို့က ပြန်ပြီးတော့ ကူညီပြီးတော့ ပူးပေါင်းဆောင်ရွက်တဲ့ လူသားရင်းစာနာ ထောက်ထားတဲ့အနေနဲ့ပေါ့။ ပူးပေါင်းဆောင်ရွက်တဲ့ အစီအစဉ်ဖြစ်ပါတယ်" ဟု ဆိုသည်။

၂၀၁၇ ခုနှစ်အတွင်း သိရီလကာင်္နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် လူဦးရေ (၂၀၀)ကျော် သေဆုံးခဲ့ပြီး လူဦးရေ ခြောက်သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။