ထန်းတပင်လူထုအတွက် ရည်ရွယ်ထုတ်လွှင့်နေတဲ့ ခရေ FM

ထန်းတပင်လူထုအတွက် ရည်ရွယ်ထုတ်လွှင့်နေတဲ့ ခရေ FM
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

"ခရေ FM မှ ဆက်လက်အသံလွှင့်နေပါတယ်။ အခု နားဆင်ရမှာက လွှမ်းပိုင်ရဲ့ သီချင်းလေး ဖြစ်ပါတယ်"ဆိုတဲ့ အသံက ရုံးခန်းအတွင်းမှာရှိတဲ့ ဓာတ်ခဲရေဒီယိုလေး တစ်လုံးကနေ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက ခွင့်ပြုချက်ချပေးခဲ့တဲ့ ထန်းတပင်မြို့နယ်လူထုအခြေပြု ရေဒီယို ခရေ FM မနေ့က နေ့လယ် ၂ နာရီ ကနေ ၄ နာရီအထိ လွှင့်ခဲ့တဲ့ အစီအစဉ်တွေကို ဒီကနေ့ မနက် ၈ နာရီမှာ ပြန်လွှင့်နေတာပါ။

ရုံးခန်းအတွင်းမှာ ထုတ်လွှင့်မယ့် အစီအစဉ်တွေကို စဉ်းစားနေသူတွေ ၊ ရေးပြီးသား အစီအစဉ်တွေကို အသံထွက် ဖတ်ကြည့်ပြီး အစမ်းလေ့ကျင့်နေတဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်။ ဒါအပြင် စတူဒီယိုအတွင်းမှာ အသံလွှင့်မယ့် စက်ပစ္စည်းတွေကို ကျွမ်းကျင်အောင် ကိုင်တွယ်လေ့ကျင့်နေတဲ့ သူတွေလည်း ရှိနေပါတယ်။ ဒါကတော့ ခရေ FM ရုံးခန်းမှာ မြင်တွေ့ရတဲ့ မြင်ကွင်းတစ်ခုဖြစ်ပါတယ်။

ခရေ FM ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ စတင်ထုတ်လွှင့်ခဲ့ပြီးတော့ 104.8 MHz မှ ထန်းတပင်မြို့ နဲ့ အနီးတဝိုက်သာ ဖမ်းယူ နားဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒီ ခရေ FM မှာ အခမဲ့ ကူညီဆောင်ရွက်နေတဲ့ စေတနာ့ ဝန်ထမ်း ၁၂ ဦး ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ စေတနာ့ဝန်ထမ်း ၁၂ ဦးထဲမှာ အစီအစဉ် တင်ဆက်သူအဖြစ်ရော၊ သတင်းထောက်အဖြစ်ပါ လုပ်နေတဲ့ မရီရီထွေးလည်း ပါဝင်ပါတယ်။

အသားညိုညို အရပ် ၅ ပေနီးပါးလောက် ရှိပြီး စကားပြောရင် ခပ်မြန်မြန်ပြောတတ်တဲ့ မရီရီထွေးတစ်ယောက် ခရေ FM မှာ အလုပ် လုပ်ဖို့အတွက် အခက်အခဲတွေ ရှိနေပါတယ်။

"မနက်ဆို ၇ နာရီလောက် ရောက်အောင်လာရတယ်။ ညနေဆို ငါးနာရီခွဲလောက်အိမ်ကိုပြန်တယ်။ မနက်ဆို လေးနာရီလောက် အိပ်ရာထတယ်လေ။ အိမ်မှာ လုပ်ဟယ်ကိုင်ဟယ် ရေမိုးချိုးပြီး ငါးနာရီလောက် အိမ်ကနေ ထွက်တယ်လေ" လို့ မရီရီထွေးက ဆိုပါတယ်။

သူက ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ရေဓနဲရိကျေးရွာမှာ နေထိုင်တာဖြစ်ပြီး သူ့ရွာကနေ ခရေFM အသံလွှင့်ရုံ ရှိတဲ့ အတွင်းသဲဖြူရွာကို နေ့စဉ် ကုန်းတစ်တန်၊ ရေတစ်တန် လာပြီးတော့ အလုပ်လုပ်နေသူပါ။

ခရေ FM မှာ စေတနာ့ဝန်ထမ်း အဖြစ် တစ်ပတ်လုံး ကူညီအလုပ်လုပ်ကိုင်နေသော်လည်း အဆင်မပြေမှုတွေ ရှိတယ်လို့ သူက ဆိုပါတယ်။

"အိမ်ကတော့ မကြိုက်ဘူး။ ကိုယ့်ပိုက်ဆံရှိရင် ကိုယ်သွားတဲ့ ပိုက်ဆံမရှိရင် မသွားနဲ့တဲ့။ အဲ့တော့ ညီမက အိမ်မှာ အင်္ကျီချုပ်တယ်။ အဲ့ကရတဲ့ပိုက်ဆံနဲ့ လာတယ်။ ဒီကလည်း လမ်းစရိတ်ပေးပါတယ်" လို့ မရီရီထွေးက ပြောပါတယ်။

ထန်းတပင်မြို့နယ်လူထုအခြေပြု ရေဒီယို ခရေ FM ကိုတော့ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ DW အကယ်ဒမီ ကနေပြီးတော့ အဓိက ကူညီထောက်ပံ့ပေးထားတာဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန နဲ့ ခရေ FM အကြား သဘောတူညီချက်ကတော့ တစ်နှစ်စာချုပ်ပါ။ ဒီလို လူထုအခြေပြု ရေဒီယို လုပ်ဆောင်တာဟာ မြန်မာနိုင်ငံမှာ ပထမဆုံး စတင်ခွင့်ပြုပေးခဲ့တာပါ။

ခရေ FM ရဲ့ မန်နေဂျာဖြစ်သူ ဦးလှနိုင်က "အခုလောလောဆယ်မှာ ဗော်လန်တီယာ အင်အား နည်းနည်းအားနည်းတယ်။ ဒီဗော်လန်တီယာတွေ အနေနဲ့လည်း ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေပေးပြီးတော့မှ အလုပ်လုပ်ရတာ တောင်သူတောင်သားတွေ ဆိုတော့ ပြေလည်မှုမရှိဘူး ဆင်းရဲတယ်" ဟု ဆိုပါတယ်။

ဒီ FM ကနေ စိုက်ပျိုးရေး ၊မွေးမြူရေး ၊ကျန်းမာရေး ၊ပညာရေး ၊ဖွံ့ဖြိုးတိုးတက်ရေး ၊ ဖျော်ဖြေရေးအပါအဝင် ထန်းတပင် မြို့နယ်ရဲ့ လှုပ်ရှားမှု သတင်းတွေကို ထုတ်လွှင့်ပေးနေတယ်လို့ သူက ဆိုပါတယ်။

"ဒါက မြန်မာပထမဆုံး လူထုအခြေပြုရေဒီယိုလေ။ ထန်းတပင်လူထုတွေအတွက် ပေးချင်တဲ့ Message တွေကို ပေးနိုင်မယ့် အချက်တွေကို အားလုံးခံယူထားပြီးတော့ အားသာချက်အနေနဲ့ လက်ကိုင်ထားပါတယ်" လို့ ဦးလှနိုင်က လေသံပြတ်ပြတ်နဲ့ ဆိုပါတယ်။

FM အသံလွှင့်ရာမှာ စေတနာ့ ဝန်ထမ်းအဖြစ် ပါဝင်ကူညီလုပ်ဆောင်ပေးတဲ့ နေရာမှာ စိတ်ပျက်စရာတွေရှိခဲ့ ပေမယ့် မြန်မာနိုင်ငံမှာ ပထမဆုံး လူထုအခြေပြုရေဒီယိုမှာ ဝင်ရောက်လုပ်ကိုင်နေတယ်ဆိုတဲ့ ဂုဏ်ယူစိတ်နဲ့ ဖြေဖျောက်ရတယ်လို့ မရီရီထွေးက ပြောပါတယ်။

"တစ်ချို့ဆို တော်တော်အားပျက်သွားတယ်။ ဗော်လန်တီယာဝင်လာပြီးတော့ အိမ်က ခွင့်မပြုလို့ပြန်သွားတာမျိုး လည်း ရှိတယ်။ အဲ့ဒါမျိုးဆို အားတွေအရမ်းယုတ်တယ်" လို့ သူက ပြောပါတယ်။

ခရေ FM ကို ထန်းတပင်မြို့နယ်က စိုက်ပျိုးရေးမွေးမြူရေး စတဲ့ ရုံးဌာနကလူတွေနဲ့ ချိတ်ဆက်ထားပြီးတော့ ပြည်သူလူထု လိုအပ်တဲ့ သတင်းတွေ နားထောင်ရဖို့ ကြိုးစားထားတယ်လို့ FM မန်နေဂျာ ဦးလှနိုင်က ပြောပါတယ်။

"ပြည်သူတွေမသိသေးတဲ့အချက်အလက်တွေပေးမယ်။ ဒါမှလည်း ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး လူမှုဘ၀ မြင့်တက်လာမယ်" လို့ ဦးလှနိုင်က အားတက်သရော ဆိုပါတယ်။

အတွင်းသဲဖြူ ကျေးရွာအတွင်းက မုန့်ဆိုင်တစ်ခုမှာ သီချင်းသံ ခပ်တိုးတိုးထွက်နေပါတယ်။ ဒီဈေးဆိုင်အတွင်းမှာ ဖွင့်ထားတဲ့ ရေဒီယိုကနေ ခရေ FM က ထုတ်လွှင့်နေတဲ့ အစီအစဉ်တွေကို အတွင်းသဲဖြူကျေးရွာမှ ရှင်းသန့်က ဖမ်းယူနားထောင်နေတာပါ။

ပက်လက်ကော်ကုလားထိုင်ပေါ်မှာ ခပ်လျော့လျော့ မှေးထိုင်နေရင်း "သူတိ့ုအစီအစဉ်ကိုနားထောင်လိုက်တော့ လိုအပ်ချက် လေးတွေတော့ ရှိနေသေးတယ်။ နောက်ပိုင်းမှာ အတွေ့အကြုံနဲ့ ပြုပြင်သွားမယ်လို့ မျှော်လင့်တယ်" လို့ သူက မဇ္ဈိမကို ပြောပါတယ်။

"အခုနားထောင်ရတာ သိပ်မစုံသေးဘူး။ နောက်ပိုင်းဆို ပုံပြင်တို့ ဘာတို့ဆို ကလေးတွေကြိုက်တယ်။ ပရလောက အကြောင်းတွေ ဘာတွေဆို ကျွန်တော်တို့လည်း ကြိုက်တယ်" လို့ သူနားထောင်ချင်တဲ့ အစီအစဉ်တွေကို ရှင်းသန့်က ရယ်ပြီး ပြောပါတယ်။

မြန်မာနိုင်ငံက ပထမဆုံး လူထုအခြေပြုရေဒီယိုမှာ အလုပ်လုပ်ကိုင်နေရင်းနဲ့ အဆင်မပြေမှုတွေကို ကြုံတွေ့နေရပေမယ့် မရီရီထွေးကတော့ ထန်းတပင်မြို့နယ်အတွက် လုပ်ဆောင်နေတာဆိုပြီး သူ့ရဲ့ စိတ်တွေက ခိုင်မာပြတ်သားနေတာတွေ့ရပါတယ်။

"ဒီထန်းတပင်မြို့နယ် အောင်မြင်တိုးတက်ရမယ်။ ဒီထန်းတပင်က လူထုတွေလည်း ကောင်းသွားစေရမယ်။ အကျိုးရှိစေရမယ်" လို့ မရီရီထွေးက  ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly