ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ဝန်ကြီးဌာန နှစ်ခုရ

ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ဝန်ကြီးဌာန နှစ်ခုရ
ရန်ကုန်မြို့၊ အလုံမြို့နယ်၊ စောရန်ပိုင်(တောင်) ရပ်ကွက်၊ ကျောင်းလမ်းရှိ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ရုံးချုပ်အနီး ဗို့အား (၆၆၀၀) ဓာတ်ကြိုးသုံးကြိုးပြတ်ကျရာ ကောင်းကင်ဓာတ်အားလိုင်းဌာနခွဲအဖွဲ့ ၀န်ထမ်းများမှ ပြန်လည်ပြင်ဆင်နေစဉ်။(ဓာတ်ပုံ- ဘိုဘို)

နေပြည်တော် (မဇ္ဈိမ) ။ ။ မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တို့အတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း၄၀၀ ချေးယူခွင့်အား သြဂုတ်လ ၂၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြု လိုက်ပြီဖြစ်သည်။

ကမ္ဘာ့ဘဏ်မှ ချေးငွေအတွက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ဒေါ်လာ သန်း ၃၁၀ ရရှိမည်ဖြစ်ပြီး မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကမူ သန်း ၉၀ ရရှိမည်ဖြစ်သည်။ အဆိုပါချေးငွေအတွက် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စား(၇)ဦးက ဆွေးနွေးခဲ့ကြပြီးနောက် လွှတ်တော်၏ ဆန္ဒကိုရယူခဲ့ရာတွင် မွေးရေဝန်ကြီးဌာနအတွက် ချေးယူရန် ထောက်ခံမဲ ၄၇၈မဲ၊ ကန့်ကွက်မဲ ၄မဲ၊ ကြားနေမဲ ၁မဲဖြင့် မဲခွဲဆုံးဖြတ်ကာ အတည်ပြုလိုက်သည်။ လျှပ်စစ်ဝန်ကြီးဌာနအတွက်မူ ထောက်ခံမဲ ၄၇၉မဲ၊ ကန့်ကွက်မဲ ၃မဲ၊ ကြားနေမဲ ၁မဲဖြင့် အတည်ပြုလိုက်သည်။

"အားလုံးကို တွက်ချက်ပြီးတဲ့အခါ ကျွန်တော်တို့ သုံးသပ်ဆုံးဖြတ်ချက်အရ ကျွန်တော်တို့ဟာ ကြွေးမှီဟာဆိုရင် လက်ရှိအနေအထားအရ ခံနိုင်ရည်ရှိသေးတယ်။ ငွေချေးလို့ရသေးတယ်။ အထူးသဖြင့် အတိုးနှုန်းနည်းပြီးတော့ နှစ်ရှည်ကြွေးမှီ ဆိုလို့ရှိရင် ချေးလို့ရသေးတယ်။ နိုင်ငံတိုးတက်မှုအတွက် လိုတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရှိသုံးသပ်ဆုံးဖြတ်လို့ရပါတယ် ” ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင် မင်းလှမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုးက ထောက်ခံဆွေးနွေးသွားခဲ့သည်။

ဒဂုံမြို့သစ်မြောက်ပိုင်း မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးကမူ "မွေး/ရေဝန်ကြီးဌာနက ချေးတဲ့ကိစ္စသည် ကျေးလက်ဒေသမီးလင်းရေးအတွက် အလွန်ကောင်းသော်လည်း ဒေါ်လာသန်း၉၀ဆိုသည့် ပမဏသည် နည်းသည့် ပမာဏ မဟုတ်ကြောင်းနှင့် လျှပ်စစ်ဝန်ကြီးဌာနကို ပြန်ကြည့်မည်ဆိုလျင်လည်း ဝန်ကြီးဌာနအားလုံးထဲတွင် အကြွေးအမယ် အများဆုံး ဝန်ကြီးဌာနဖြစ်ကြောင်း ထောက်ပြဆွေးနွေးသွားသည်။

ကမ္ဘာ့ဘဏ်က ရရှိမည့် ချေးငွေထဲမှ သန်း၃၀၀ကို ဓာတ်အားစနစ်(National Grid) တိုးချဲ့ရေး လုပ်ငန်းများတွင် အသုံးပြုရန်နှင့် ကျန်အမေရိကန်ဒေါ်လာ သန်း ၁၀၀အား ဓာတ်အားလိုင်းစနစ်အတွက် နည်းပညာအကူအညီ အထောက်အပံ့၊ ဓာတ်အားစနစ်ပြင်ပ (Off grid) တွင် ဆောင်ရွက်ရသော လုပ်ငန်းများ၊ ဓာတ်အားလိုင်း ပြင်စနစ်အတွက် နည်းပညာအကူအညီ အထောက်အပံ့များအတွက် အသုံးပြုမည်ဟု ဝန်ကြီးဌာန နှစ်ခုပေါင်း၍ လွှတ်တော်ကို ရှင်းလင်းခဲ့သည်။

ကမ္ဘာ့ဘဏ်၏ အတိုးနည်းချေးငွေဖြင့် မြန်မာနိုင်ငံ ပင်မလျှပ်စစ်ဓာတ်အားရရှိရေး ပထမ ၅နှစ် စီမံကိန်းလည်းဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

"အခုချေးမယ့် လေးရာနဲ့ လုပ်မယ့်အထဲမှာ မွေး/ရေက ၃၁၈၅ ရွာ၊ လျှပ်စစ်က ၅၂၇၉ ရွာ ငါးနှစ်အတွင်းမှာ လုပ်မယ်ဆိုတာ သိရပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် ငွေစာရင်းပူးပေါင်းမှုကော်မတီဝင် ဦးမောင်တိုးက လွှတ်တော်တွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly