ပြည်သူရွေးချယ်ပေးသော ကျေးရွာအုပ်ချုပ်ရေးမှူးသာ အတည်ပြုပေးရေးဆိုသော ဆန္ဒပြပွဲ ပြုလုပ်

ပြည်သူရွေးချယ်ပေးသော ကျေးရွာအုပ်ချုပ်ရေးမှူးသာ အတည်ပြုပေးရေးဆိုသော ဆန္ဒပြပွဲ ပြုလုပ်

ပြည်သူရွေးချယ်ထားသော ထနောင်းတိုင်းကျေးရွာ အုပ်ချူပ်ရေးမှူးအား အတည်ပြုပေးရေးအတွက် ဖေဖော်ဝါရီလ ၂၅ ရက်၊ နံနက် ၉ နာရီ ၃၀မိနစ်က မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့တွင် ထနောင်းတိုင် ကျေးရွာဒေသခံများက ဆန္ဒပြတောင်းဆိုခဲ့သည်။

အဆိုပါရွေးကောက်ပွဲကို မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့နယ်၊ ထနောင်းတိုင်ကျေးရွာတွင် ၂၀၁၈ခုနှစ်၊ဇန်နဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့ရာ ဦးနေမင်းကျော်ဆိုသူက မဲအပြတ်ဖြင့်အနိုင်ရရှိခဲ့သည်။ ထိုသို့မဲအပြတ်ဖြင့် အနိုင်ရရှိခဲ့ သော်လည်း ခရိုင်၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့က မမှန်မကန်ဆုံးဖြတ်ပြီး အတည်ပြုမပေးခဲ့ခြင်းကြောင့်ဟုဆိုကာ ဒေသခံများက ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

"ပြည်သူရွေးချယ်ပေးထားတဲ့ အုပ်ချုပ်ရေးမှူးကို အတည်ပြုမပေးတဲ့အတွက် ဆန္ဒပြတာပါ။"ဟု ဆန္ဒပြရာတွင် ပါဝင်သူ ဦးနေမင်းကျော်ကပြောသည်။

“ ပြည်သူရွေးချယ်ထားသော ထနောင်းတိုင်ရွာ အုပ်ချုပ်ရေးမှူးအားအတည်ပြုပေးရေး၊ ဒို့အရေး၊ ရပ်ကျေး ဥပဒေနှင့်မညီဘဲ ဆုံးဖြတ်ထားသော ခရိုင်အုပ်ချုပ်ရေးမှူး၊အလိုမရှိ၊ရပ်ကျေးဥပဒေနှင့်မညီဘဲ ဆုံးဖြတ်ထား သော မြို့နယ်အုပ်ချုပ်ရေးမှူး အလိုမရှိ၊ရပ်၊ကျေး ဥပဒေနှင့်မညီဘဲ ဆုံးဖြတ်ထားသော လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးလတ်၊ အလိုမရှိ၊ရပ်၊ကျေး ဥပဒေနှင့်မညီဘဲ ဆုံးဖြတ်ထားသော လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့ အလိုမရှိ ” ဟူ၍ မြင်းခြံမြို့ပတ်ကာ ချီတက် ကြွေးကြော်တောင်းဆိုခဲ့ကြ သည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့က"ကျွန်တော်တို့ နာမည်တွေပါလာတော့ တော်တော်အံ့သြသွားတယ်။ သူတို့ဘာကြောင့်ပြတယ်ဆိုတာ ကျွန်တော်တို့ မသိရဘူး။ ရပ်ကျေးဥပဒေအရ ရပ်ကျေးအုပ်ချုပ်ရေးမှူးကို အတည်ပြုရတာ မြို့နယ်အုပ်ချုပ်ရေးမှူးကလုပ်ရတာ ၊ ကျွန်တော်တို့ ဘာမှ ဝင်ရောက်စွက်ဖက်လို့ မရဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့လုပ်ပိုင်ခွင့်ပါ။ ကျွန်တော်တို့က ကြားဝင် ဖြေရှင်းပေးတာပဲ ရှိတယ်။"ဟုပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်အား မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။

ဆန္ဒပြတောင်းဆိုသူများအနေဖြင့် လက်ရှိ ရွေးချယ်ထားသည့် အုပ်ချုပ်ရေးမှူးကိုသာ အတည်ပြုပေးရန် ဆက်လက်တောင်းဆိုသွားမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly