ဆီးရီးယား၌ ရက် ၃၀ အပစ်အခတ်ရပ်စဲရန် ကုလသမဂ္ဂလုံခြံုရေးကောင်စီ အတည်ပြု

ဆီးရီးယား၌ ရက် ၃၀ အပစ်အခတ်ရပ်စဲရန် ကုလသမဂ္ဂလုံခြံုရေးကောင်စီ အတည်ပြု

ကုလသမဂ္ဂ၊ ဖေဖေါ်ဝါရီ ၂၄ ။             ။ စစ်ပွဲများအကြီးအကျယ်ဖြစ်ပွားနေသော ဆီးရီးယားနိုင်ငံတစ်ဝန်း၌ ရက် ၃၀ ခန့် အပစ်အခတ်ရပ်စဲမည့် ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ စနေနေ့က တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့ သည့်အတွက် ဆေးကုသမှုခံယူရန်လိုအပ်နေသော ဒဏ်ရာရရှိသူများအား အရေးပေါ်နေရာပြောင်းရွှေ့ရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ပေးအပ်နိုင်တော့မည်ဖြစ်သည်။

ရက်ပေါင်းများစွာကြာအောင် အကြိတ်အနယ်ဆွေးနွေးညှိုနှိုင်းမှုအပြီးတွင် ဆီးရီးယားအစိုးရ၏ အဓိက မဟာမိတ်ဖြစ်သော ရုရှားနိုင်ငံက ကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံလုံးထောက်ခံသည့် ထိုဆုံးဖြတ်ချက်မူကြမ်းကို လက်ခံခဲ့သည့်အတွက် ယခုလိုအတည်ပြုနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ထိုဆုံးဖြတ်ချက်မူကြမ်းကို ဆွီဒင်နှင့်ကူဝိတ်နိုင်ငံတို့က စတင်အဆိုပြုခဲ့ခြင်းဖြစ်ပြီး ဆီးရီးယားနိုင်ငံတစ်ဝန်း၌ ရက် ၃၀ကြာ အပစ်အခတ်ရပ်စဲမည့် ထိုမူကြမ်းကိုအတည်ပြုနိုင်ရန် နှစ်နှင့်ချီ၍ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခအတွင်း၌ ပါဝင်သော အဖွဲ့ဝင်များအားလုံး၏ ထောက်ခံမှုကိုလိုအပ်ခဲ့သည်။

ထိုသို့အပစ်အခတ်ရပ်စဲရန် သဘောတူညီထားသော်လည်း ကုလသမဂ္ဂမှ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသော အိုင်အက်စ်တို့နှင့် တာရာအယ်လ်ရှမ်တို့ကဲ့သို့သော အကြမ်းဖက်အဖွဲ့များကို စစ်ဆင်ရေး ဆင်နွှဲခွင့် ရရှိနေဦးမည်ဖြစ်သည်။

အပစ်အခတ်ရပ်စဲလိုက်သည်နှင့်တစ်ပြိုင်နက် ကုလသမဂ္ဂမှ ဦးစီးဆောင်ရွက်မည့် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို လက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်နေသည့် အဖွဲ့များအားလုံးက လက်ခံရမည်ဖြစ်ပြီး အထိနာ နေသော နယ်မြေများထဲသို့ ဘေးကင်းစွာဝင်ရောက်နိုင်ရန် အကူအညီပေးရမည်ဖြစ်သည်။

ထိုဆုံးဖြတ်ချက်မူကြမ်းကိုအတည်ပြုနိုင်ရန် ရက်သတ္တပတ် ၂ ပတ်နီးပါးခန့် အကြိတ်အနယ်ဆွေးနွေးနေခဲ့ရပြီး ထိုသို့ဆွေးနွေးနေစဉ်အတောအတွင်း ဆီးရီးယားအစိုးရက သူပုန်များထိန်းချုပ်ရာ ဂူတာအရှေ့ပိုင်းနယ်မြေထဲ သို့ ထိုးစစ်များဆင်နွှဲခဲ့မှုကြောင့် အရပ်သားရာပေါင်းများစွာ ဒဏ်ရာရသေဆုံးခဲ့ရသည်။

ဒါ့အပြင် အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့ပြီးနောက်တွင် ကုလသမဂ္ဂ အမေရိကန်သံအမတ် နစ်ကီဟာလေက ရုရှားတို့အနေဖြင့် ထိုဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုရန် အချိန်ဆွဲခဲ့သည်ဟု ဝေဖန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly