၂၀၁၈ အတွင်း NLD နိုင်ငံလုံးဆိုင်ရာညီလာခံ ပြုလုပ်ရန် စဉ်းစားဆွေးနွေးနေဟုဆို

၂၀၁၈ အတွင်း NLD နိုင်ငံလုံးဆိုင်ရာညီလာခံ ပြုလုပ်ရန် စဉ်းစားဆွေးနွေးနေဟုဆို

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄ ။         ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၈ ခုနှစ်အတွင်း ပါတီညီလာခံတစ်ခု လုပ်ဆောင်ရန် စဉ်းစားဆွေးနွေး နေကြောင်း ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောသည်။

“ကျွန်တော်တို့ ပါတီ၊ ကျွန်တော်တို့ ညီလာခံတစ်ခုလုပ်ဖို့ စဉ်းစားထားတယ်။ ရက်တွေဘာတွေ မသတ်မှတ် ထားဘူး။ ခန့်မှန်းချေကတော့ ဒီနှစ်ထဲမှာ လုပ်ဖို့ အဲ့ဒီဟာလုပ်လို့ရှိရင် ဘာတွေ လုပ်သင့်တယ်ဆိုတဲ့ဟာကို အတော်များများ ဒီနေ့ အဲ့ဒီဟာ ဆွေးနွေးတယ်။ Congress ပေါ့ဗျာ။ ပါတီညီလာခံကြီး တစ်ခုလုပ်ဖို့ ၊ ဆိုလိုတာ ကတော့ ၂၀၂၀ မတိုင်ခင် လုပ်ဖို့ ခန့်မှန်းချေတော့ ဒီနှစ်ထဲ ကြိုးစားပေါ့။ အဲ့တော့ ဘာတွေ လိုအပ်မယ် ။ လိုအပ်တဲ့ဟာတွေ ရှာဖွေစုဆောင်းဖို့ ဒါဆွေးနွေးတာ”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့ နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ကျင်းပပြုလုပ်သော NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျင်းပမည့်ညီလာခံကြီးတွင် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များကိုလည်း ပြန်လည်ရွေးကောက် ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဒါ ထုံးစံအတိုင်းပါပဲ။ ဒီလိုပဲ အကုန်ပြန်ဝင်ရတာပဲ”ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

ထို့ပြင် ယခုလက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လှုပ်ရှားမှု မှန်သမျှသည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ အတွက် ဦးတည်ကြောင်း ၎င်းကဆက်ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံလုံးဆိုင်ရာညီလာခံကို ၂၀၁၃ ခုနှစ် မတ်လအတွင်းက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီတွင် ပြုလုပ်ခဲ့သည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်များ အများစုပါဝင်ပြီး ပါတီဗဟိုအလုပ်မှုဆောင် ကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင်များတွင် ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဦးဟန်သာမြင့်တို့ ပါဝင်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly