စစ်တွေမြို့ ပေါက်ကွဲမှုအပေါ် စုံစမ်းစစ်ဆေးမည်ဟု ရခိုင်ဝန်ကြီးချုပ် ပြော

စစ်တွေမြို့ ပေါက်ကွဲမှုအပေါ် စုံစမ်းစစ်ဆေးမည်ဟု ရခိုင်ဝန်ကြီးချုပ် ပြော
(ဓာတ်ပုံ- အီးပီအေ)

နေပြည်တော်(ဖေဖော်ဝါရီ ၂၄ရက်၊ ၂၀၁၈ခုနှစ်)။ ။ ယနေ့ နံနက်ပိုင်းက စစ်တွေမြို့ရှိ နေရာသုံးခုတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းအပေါ် စုံစမ်းစစ်ဆေးသွားမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားလိုက်သည်။

“ဒီလောက် အဖြစ်အပျက်ကြီး ဖြစ်ပြီးမှတော့ စုံစမ်းစစ်ဆေးရေးကတော့ လုပ်ရမှာပေါ့” ဟု နေပြည်တော်ရောက်နေသည့် ဦးညီပုက ယနေ့ ညနေပိုင်းတွင် ပြောသည်။

ယနေ့ နံနက် ၄ နာရီ ၁၅ မိနစ်ခန့်တွင် စစ်တွေမြို့ ပြည်နယ်အုပ်ချုပ်ရေးမှူး နေအိမ် ခြံဝင်း၊ ပြည်နယ်တရားရုံးရှေ့ ထရန်စဖော်မာနှင့် ပြည်နယ်မြေစာရင်းရုံးရှေ့တို့၌ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူအချို့ရှိကြောင်း၊ လျှပ်စစ်မီးလိုင်းများ ခေတ္တ ပြတ်တောက်သွားကြောင်း၊ ဗုံးဟု ယူဆရသည့် မသင်္ကာဖွယ် အထုပ်တစ်ထုပ် တွေ့ရှိရသဖြင့် တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း အစိုးရ သတင်းထုတ်ပြန်ထားသည်။

“မကောင်းဘူးပေါ့ဗျာ။ ဒီလိုတွေဖြစ်နေတော့ ကျွန်တော်တို့ပြည်နယ်မှာ သိတဲ့အတိုင်းပဲလေ။ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတက်ရေးကို လုပ်နေတယ်။ ဒီလိုတွေ တစ်ခုတစ်ခု ဖြစ်နေတဲ့ အခါကျတော့ ဒီကိုယ်လုပ်ချင်တဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်ကတော့ အများကြီး အနှောင့်အယှက်ဖြစ်တာပေါ့” ဟု အထက်ပါ  ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးညီပုက မှတ်ချက်ပြုသည်။

၎င်းအနေဖြင့် ပါတီ ဗဟိုအလုပ်အဆောင်ဆောင်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်ရန် ယမန်နေ့ကတည်းက နေပြည်တော်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး ဖြစ်စဉ်အသေးစိတ် မသိရသေးသဖြင့် “ဘယ်သူ့ကို သံသယရှိလည်းဆိုတာ မပြောနိုင်သေးဘူး” ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်ကလည်း ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ လမ်းမတော်လမ်းနှင့် ရွှေဘိုလမ်းထောင့်ရှိ ရိုးမဘဏ်နှင့် ဗဟိုဘဏ်အကြား၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဘဏ်ဝန်ထမ်း အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ရကာ အမျိုးသား ၉ဦး၊ အမျိုးသမီး ၁၂ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ အကြမ်းဖက်ဖောက်ခွဲမှုလုပ်ရပ်သည် အစိုးရ၏ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်ကို ကြီးမားစွာ ထိခိုက်စေပြီး ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်တာဝန်ယူထားသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနက ဖေဖော်ဝါရီ ၂၃ရက်တွင် သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags