ဘင်္ဂလားဒေ့ရှ်မှ ပေးပို့သည့်လူစာရင်းတွင် အချက်အလက်မပြည့်စုံ၍ တိကျစွာပြန်ပို့ရန် မြန်မာဘက်မှ တောင်းဆို

ဘင်္ဂလားဒေ့ရှ်မှ ပေးပို့သည့်လူစာရင်းတွင် အချက်အလက်မပြည့်စုံ၍ တိကျစွာပြန်ပို့ရန် မြန်မာဘက်မှ တောင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ။            ။ ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့ထားသည့် ဒုက္ခသည် ၈ထောင်ကျော်စာရင်းတွင် အချက်အလက်မပြည့်စုံမှုများကြောင့်  နှစ်နိုင်ငံအကြားသဘောတူညီချက်တွင် ပါရှိသည့်အတိုင်း တိကျစွာ ပြန်ပို့ရန် မြန်မာနိုင်ငံဘက်မှ တောင်းဆိုထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ ဒါကာမြို့တွင် ပြုလုပ်ခဲ့သော နှစ်နိုင်ငံပြည်ထဲရေးဝန်ကြီးများ အစည်း အဝေးအရ ဘင်္ဂလားဒေ့ရှ်ဘက်မှ ပထမအသုတ် လူဦးရေ ၈၀၃၂ ဦး စာရင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

“ အကုန်လုံးပဲဗျ။ အဲ့ဒါကြောင့် ရရှိတဲ့အချက်အလက်တွေကို ရသလောက်စစ်ထား ပြီးတော့ နိုင်ငံခြားရေးက တစ်ဆင့် ဘင်္ဂလားဒေ့ရှ်ကိုပြန်ပြီးတော့ နောက်ဆုံး MOU ထဲက ပုံစံအတိုင်းပြန်ပို့ပေးဖို့ တောင်းဆိုထားပါတယ်”  ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။

အဆိုပါ သဘောတူညီချက်တွင် အထောက်အထားအချက်အလက်များ၊ မိသားစုဓာတ်ပုံများ ၊ တစ်ဦးချင်း ဓာတ်ပုံများ ပါဝင်ပြီး ပြန်ဝင်လာမည့်သူများနှင့် တိုက်ဆိုင်စစ်ဆေးရန်ဆိုသည့် အချက်များ ပါဝင်သည်။

 “  မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ထိုးထားတဲ့ MOU ပုံစံနဲ့ မဟုတ်ဘဲနည်းနည်းလွဲနေ တာပေါ့နော်။ အဓိကတော့ ဘာတွေမပါဘူးလဲဆိုလို့ရှိရင် မိသားစုတစ်ခုကို လျောက်လွှာတစ်စောင်ဆိုပေမယ့် အဲ့ဒီထဲမှာ ဓာတ်ပုံလည်း ပါတယ်။ နောက်တစ်ခါ မိသားစုဝင်တစ်ယောက်ချင်းစီရဲ့ ပုံတွေလည်းတပ်ပေးရမယ်။ နောက်ပြီးတော့ လက်ဗွေ တွေ နှိပ်ရမှာပေါ့နော်။ အခု အဓိက လက်ဗွေတွေ မပါလာဘူး။ နောက်တစ်ခုက တစ်ယောက်ချင်းစီကို ဓာတ်ပုံ နည်းပညာနဲ့ တိုက်ဆိုင်စစ်ဆေးလို့ရအောင် တစ်ယောက်ချင်းဓာတ်ပုံတွေမပါလာဘူး ” ဟု အမြဲတမ်း အတွင်း ဝန် ဦးမြင့်ကြိုင်က ဆိုသည်။

ပြန်လည်လက်ခံရာတွင် မြန်မာအစိုးရဘက်မှ တစ်ဦးချင်းစီကို ဓာတ်ပုံဖြင့် တိုက်ဆိုင်စစ်ဆေးရန်လိုအပ်နေပြီး လက်ဗွေနှိပ်ရန်လိုအပ်ခြင်းမှာလည်း အခြားသူ၏ တိုက်တွန်းချက် မပါဘဲ မိမိဆန္ဒဖြင့် ပြန်လာကြောင်းနှင့် တည်ဆဲဥပဒေအတိုင်း လိုက်နာမည်ဆိုသည့်အချက်အတွက်ဖြစ်သည်ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် ဓာတ်ပုံများနှင့် လက်ဗွေစာရင်းများ မပါရှိသောကြောင့် တစ်ဦးလျှင် ၂ နာရီခန့်အထိ မြန်မာဘက်မှ စစ်ဆေးနေရပြီး စာရင်းအချက်အလက်များ ပြည့်စုံပါက စစ်ဆေးချိန် ၂ မိနစ်ခန့်သာကြာမြင့်မည်ဟု မြန်မာ ဘက်မှ သိရသည်။

အာရဗီဘာသာအသံထွက်ကို အင်္ဂလိပ်လိုပြန်ရေးသားသည့်အသံထွက်ကိစ္စတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် ခက်ခဲမှုအချို့ ရှိနေကြောင်း သိရသည်။

လွန်ခဲ့သည့်  ဇန်နဝါရီလကတည်းက ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသူများကို ပြန်လက်ခံရန် နှစ်နိုင်ငံ အကြား သဘောတူညီထားခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အဆင်သင့်မဖြစ်သေးမှုများကြောင့် နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်များ ကြန့်ကြာနေရခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly