လားရှိုးရိုးမဘဏ် ပေါက်ကွဲမှုမှ ဒဏ်ရာရရှိသူ ၀န်ထမ်း ၂ ဦးကို ရန်ကုန်ပန်းလှိုင်ဆေးရုံသို့ ပို့ဆောင်ထား

လားရှိုးရိုးမဘဏ် ပေါက်ကွဲမှုမှ ဒဏ်ရာရရှိသူ ၀န်ထမ်း ၂ ဦးကို ရန်ကုန်ပန်းလှိုင်ဆေးရုံသို့ ပို့ဆောင်ထား

ဖေဖော်ဝါရီ ၂၃ ။          ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ၂ ရပ်ကွက်ရှိ လားရှိုးရိုးမဘဏ်ခွဲ (၁) ပေါက်ကွဲမှုမှ ဒဏ်ရာရရှိသူ ဘဏ်ဝန်ထမ်း ၂ ဦးကို ရန်ကုန်မြို့၊ ပန်းလှိုင်ဆေးရုံတွင် ကုသရန် ပို့ဆောင်ထားကြောင်း သိရသည်။

"ဒဏ်ရာအပြင်းအထန်ရတဲ့သူနှစ်ဦးကို ရန်ကုန်မှာရှိတဲ့ ပန်းလှိုင်ဆေးရုံကို ပို့ထားပါတယ် အခု သူတို့နှစ်ယောက် က ရန်ကုန်မှာ ရောက်နေပါတယ်"ဟု ရိုးမဘဏ်မှ ပြောရေးဆိုခွင့်ရှိသူ မမေဦးက ပြောသည်။

၎င်းတို့နှစ်ဦး ဖေဖော်ဝါရီ၂၃ရက်နေ့တွင် ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ကျန်းမာရေးအခြေအနေ တည်ငြိမ်နေသည်ဟု သိရသည်။ ယမန်နေ့က FMIလေကြောင်းလိုင်း လေယာဉ်အမျိုးအစား ATR-72 လေယာဉ်အမှတ်XY AMH ခရီးစဉ် ND-002ဖြင့် ရိုးမဘဏ်ပေါက်ကွဲမှုမှ ထိခိုက်လူနာ ဝန်ထမ်းကိုဖြိုးမင်းသန့် နှင့်မအိစုဝင်းအောင် တို့ ၂ ဦး အား လားရှိုးလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

"ဟိုဘက်ဆေးရုံမှာတော့ အခုလောလောဆယ်ဘယ်နှစ်ယောက်တက်နေလဲ အတိအကျတော့မပြောနိုင်ဘူး ဒါပေမယ့်ဖြစ်ပွားစဉ်တုန်းကတော့ ဒဏ်ရာရတဲ့သူက ၁၄ ယောက်ရှိပါတယ်"ဟု မမေဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်၊ မွန်းလွဲ ၄ နာရီခွဲခန့်က လားရှိုးမြို့ ရိုးမဘဏ် ဗုံးပေါက်ကွဲမှုကြောင့် လူ ၂ ဦးသေဆုံးခဲ့ပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရိုးမဘဏ် အဆောက်အဦ အတွင်းပိုင်းနေရာများတွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦ များတွင်လည်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။

ဗုံးစတင်ပေါက်ကွဲသည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ဒဏ်ရာရရှိသူစုစုပေါင်း ၁၄ဦး ရှိနေပြီး ပွန်းပဲ့ဒဏ်ရာရရှိသူ၊ ဆေးရုံတွင် တစ်ညကြာ မနေရဘဲပြန်သွားနိုင်သူနှင့် အပြင်းအထန်ဒဏ်ရာရရှိသူများ ပါဝင်နေသည်။

“ကျွန်တော်တို့အနေနဲ့ အခုလို ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်လုပ်ရပ်အတွက် များစွာတုန်လှုပ်မိပြီး ဝမ်းနည်းမိပါတယ်။ ဒီလို လူမဆန်တဲ့လုပ်ရပ်အတွက် အကြောင်းပြချက်တွေ မပေးနိုင်ပါဘူး။ အကြမ်းဖက်မှုတွေ ကို တိုက်ဖျက်နိုင်ဖို့ ၊ ကျွန်တော်တို့ ဘဏ်ခွဲတွေမှာရှိတဲ့ ဝန်ထမ်းတွေနဲ့ Customer တွေရဲ့လုံခြုံရေးကို ပိုမိုစိတ်ချရမှုရှိစေဖို့ ကျွန်တော်တို့က အထူးအားစိုက်ပြီး အလေးအနက်ထားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ရိုးမဘဏ်၏ အမှုဆောင်ဥက္ကဋ္ဌ ဦးသိမ်းေ၀ (ခ) Mr. Serge Pun က ပြောသည်။

လက်ရှိတွင် ရိုးမဘဏ် ရန်ကုန်ရုံးချုပ်မှ ဥက္ကဋ္ဌအပါအဝင် စာရင်းစစ်၊ အရာရှိများ လားရှိုးသို့ လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအား ထောက်ပံ့မည်ကို ပြောဆို၍ မရနိုင်သေး သော်လည်း ရိုးမဘဏ်ဘက်မှ ဆေးကုသမှုပေးခြင်းနှင့် အကောင်းဆုံးလုပ်ဆောင်သွားမည်ဟု ဆိုသည်။

တပ်မတော်ဘက်မှ ယင်း ပေါက်ကွဲမှုဖြစ်စဉ်အား အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသော်လည်း အဖွဲ့အစည်းအမည်အား စိစစ်ဆဲဟုသာ ထုတ်ပြန်ထားသည်။

လားရှိုးမြို့ ရိုးမဘဏ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး TNLA အဖွဲ့မှ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း TNLA ၏ ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော်က မဇ္ဈိမသို့ အတည်ပြုပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly