အနှစ် ၃၀ အတွင်း အဂတိလိုက်စားမှု အများဆုံးဟု ရွှေစက်တော်ဂေါပကအဖွဲ့အား တိုင်ကြားထား

အနှစ် ၃၀ အတွင်း အဂတိလိုက်စားမှု အများဆုံးဟု ရွှေစက်တော်ဂေါပကအဖွဲ့အား တိုင်ကြားထား

မကွေး၊ ဖေဖော်ဝါရီ ၂၃ ။                ။ လက်ရှိ မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့သည် နှစ်ပေါင်း ၃၀ အတွင်း အဂတိလိုက်စားမှု အများဆုံးဖြစ်၍ ထိထိရောက်ရောက် အရေးယူပေးရန် ဖေဖော်ဝါရီ ၂၁ရက်နေ့က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုထံ တိုင်ကြားထားကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော် အခြေခံဈေးသည်များသမဂ္ဂအဖွဲ့က ပြောသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်တွင် ငဖဲမြို့နယ် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်နှင့် ဂေါပကအဖွဲ့များသည် ဆိုင်ခန်းနေရာ ချထားမှုများတွင် အဂတိတရားများ ဆိုးဆိုးဝါးဝါး လိုက်စားဆောင်ရွက်ခဲ့ကြောင်းအခြေခံဈေးသည်များသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်တင်က ပြောသည်။

“ ဒီနှစ်ဆိုင်ခန်းအသစ်(၇၂)ခန်း တိုးချဲ့ဆောက်လုပ်ပါလျက် အကြောင်းအမျိုးမျိုးကြောင့် ဆိုင်ခန်းနေရာ ပျောက်ဆုံးသူတွေကို ဦးစားပေးနေရာချထားပေးရမယ့်အစား လွှတ်တော်ကိုယ်စားလှယ်နဲ့   ဂေါပကတွေက သူတို့ကိုယ်ကျိုးအတွက် ငွေတွေ တောင်းခံပြီး လူသစ်တွေကိုဆိုင်ခန်းချပေးတယ်။ တစ်ခန်းကို ကျပ် ဆယ်သိန်း အထိတောင်းကြတယ်။ ပြီးတော့ ငွေယူပြီးဆိုင်ခန်းထပ်ပေးတာတွေ   တွေ့ရှိရတယ် အဲ့ဒီ ငွေတောင်းခံတဲ့ ရုပ်အသံဖိုင် အထောက်အထားတွေကို စီဒီချပ်နှင့်ကူးပြီး ဝန်ကြီးချုပ်ဆီ တိုင်ကြားထားပါတယ်” ဟု ဦးအောင်တင်က ဆိုသည်။

အထက်စက်တော်ရာစောင်းတန်းအား သံဇကာ ကပ်ခံရ၍ ဆိုင်ခန်းပေါင်းသုံးဆယ့်တစ်ခန်းမှာ ယနေ့အချိန် အထိ နေရာမရရှိကြ၍ ဆိုင်လုံးဝမထွက်ရသေးကြောင်းသိရသည်။

“ အထက်သောင်ဆိုင်ခန်းအသစ်များကို ချထားပေးရန် တောင်းဆိုသော်လည်းလုံးဝမပေးဘဲ နေရာသစ် ရှိပါလျှက် နေရာဟောင်းပျောက်သူဈေးသည်များအား ဘုရားဖူးများမရောက်သည့်   တောင်ပေါ်စောင်းတန်း နေရာကိုသာရွှေ့ပြောင်းရောင်းချရန်နေရာချထားသည်မှာတရားမျှတမှု မရှိပါဘူး” ဟု အခြေခံဈေးသည်များ သမဂ္ဂအဖွဲ့ ဒုဥက္ကဋ္ဌ ဦးသန့်စင်က ပြောသည် ။

မန်းရွှေစက်တော်အထက်သောင်တွင်ဆိုင်ခန်းသစ်များတိုးချဲ့ဆောက်လုပ်ခဲ့သော်လည်း လွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိဂေါပကတို့ကနီးစပ်ရာနှင့် ယင်းတို့၏ဆွေမျိုးများအား ဆိုင်ခန်းများ ချထားပေးခြင်း ကြောင့် ယခင်ရောင်းချနေသည့်ဈေးသည်ငါးဦးမှာ ယနေ့အချိန်ထိ ဆိုင်ခန်းမရရှိဘဲ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း အထက်သောင်ဈေးသည်များထံမှ သိရသည်။

ဂေါပကအဖွဲ့ကမူ တိုင်ကြားထားမှုအား မသိရှိသေးကြောင်း ပြောခဲ့ပြီး ငဖဲမြို့နယ် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်က အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဘာမှ မပြောချင်ပါဘူးဟု ပြောသည်။

“ အခြေခံဈေးသည်တွေ ဂေါပကအဖွဲ့ကို တိုင်မတိုင် မသိပါဘူး အခုခေတ်က ပွင့်လင်းမြင်သာတဲ့ခေတ်လေ၊ လောလောဆယ်တော့ ဘာမှ မသိရသေးပါဘူး” ဟု မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ဝင် ဦးအေးလွင်က ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြောသည်။

ရွှေစက်တော်ဘုရား ယာဉ်ရပ်နားကွင်းက ယာဉ်ရပ်နားခတွေ ပိုကောက်ခြင်း၊ အထက်သောင်၊ အောက်သောင် များရှိ ဘုရားဝတ္တကမြေနေရာများ ရောင်းစားခြင်း၊နီးစပ်ရာဆွေမျိူးများကို နေရာချပေးခြင်း၊ လျှပ်စစ်မီး ၁ ယူနစ် လျှင်  ၃၀၀ ကျပ် ကောက်ခံနေခြင်းအပါအဝင် အဂတိလိုက်စားမှုများစွာရှိနေသည်ဟု အခြေခံ ဈေးသည်များက ပြောဆိုသည်။

“ ဟုတ်ပါတယ် ဈေးသည်တွေ ကျွန်တော်ဆီရောက်လာပါတယ် အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်ကို အရေးယူပေးဖို့ ပြည်သူ့လွှတ်တော်ရယ်၊ လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာ လက်ခံရေး ကော်မတီကို တင်ပြတိုင်ကြားထားပါတယ် ။ ဂေါပကအဖွဲ့က ဝန်ကြီးချုပ် ခန့်တာဆိုတော့ ဈေးသည်တွေကို ဝန်ကြီးချုပ်နဲ့ သွားတွေ့ခိုင်းထားပါတယ်” ဟု မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာက ဖေဖော်ဝါရီ ၂၂ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

နှစ်ပေါင်းသုံးဆယ်အတွင်းလက်ရှိဂေါပကအဖွဲ့သည် အဂတိလိုက်စားမှုအများဆုံး စံချိန်သစ်ဖြစ်၍ အားလုံး အမှန်အတိုင်း သိရှိနိင်ရန်နှင့် အမြန်ဆုံး စိစစ်ပြီး လုပ်ထုံးလုပ်နည်းတွေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးရန် တိုင်ကြားရခြင်းဖြစ်ကြောင်း အခြေခံဈေးသည်များသမဂ္ဂအဖွဲ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly