ယခုဖေဖော်ဝါရီတတိယပတ်အတွင်း ပြည်ပတင်ပို့သည့် မတ်ပဲနှင့် ပဲဇင်းငုံစျေးနှုန်းများ အနည်းငယ်ကျဆင်း

ယခုဖေဖော်ဝါရီတတိယပတ်အတွင်း ပြည်ပတင်ပို့သည့် မတ်ပဲနှင့် ပဲဇင်းငုံစျေးနှုန်းများ အနည်းငယ်ကျဆင်း

 

ယခုအပတ်အတွင်း ပြည်ပသို့ အဓိကတင်ပို့သည့် မတ်ပဲနှင့်ပဲဇင်းငုံဈေးနှုန်းများ အနည်းငယ်ကျဆင်းလာ ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းက  သိရသည်။

ယခုဖေဖော်ဝါရီလအတွင်း မတ်ပဲတစ်တန်လျှင် အမြင့်ဆုံးဈေးနှုန်း ၅၇၀၀၀၀ ကျပ်ဝန်းကျင်နှင့် ပဲဇင်းငုံ တစ်တန် လျှင် ကျပ် ၄၇၀၀၀၀ ကျပ်ဝန်းကျင်အထိ ရောက်ရှိခဲ့ရာမှ ယခုအပတ်အတွင်း ဖေဖော်ဝါရီလ ၂၃ ရက်တွင်မတ်ပဲ တစ်တန်လျှင် ၅၄၀၀၀၀ ကျပ် နှင့် ပဲဇင်းငုံတစ်တန်လျှင် ၄၂၆၀၀၀ ကျပ်သို့ ကျဆင်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းအတွင်းရေးမှူး ဦးမင်းကိုဦးက " ဒီအပတ်ထဲမှာတော့ မတ်ပဲရော ပဲဇင်းငုံရော ဈေးကျတယ်လို့ ပြောလို့ရတယ်။ အဓိကတော့ ဒီရက်ပိုင်း FOB အဝယ်နည်းလို့ အခုလိုဈေးကျ သွားတာပါ" ဟု ဖေဖော်ဝါရီလ ၂၃ ရက်က မဇ္ဈိမသို့ ပြောသည်။

လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပသို့  ပဲမျိုးစုံတန်ချိန် ၁၁ သန်းနီးပါး တင်ပို့ထားပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၇ သန်းကျော် ရရှိထားကြောင်း သိရသည်။

"ပဲမျိုးစုံတင်ပို့မှုက ဒီနှစ်မှာလည်း လျှော့မသွားဘူး။ ဒါပေမယ့် အိန္ဒိယဘက်က ဝယ်ယူမှုကို ကန့်သတ်ပြီးနောက် ပိုင်းဈေးကျသွားတဲ့ ဝင်ငွေတော့ မနှစ်ကလောက်မရဘူး။ မနှစ်က ပျှမ်းမျှဈေးက တစ်တန်ကို ဒေါ်လာ  ၁၀၀၀ လောက်ရတယ်" ဟု ဦးမင်းကိုဦးက ဆက်လက်ပြောသည်။

ယခင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် ၁၄ သိန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ နီးပါးရရှိခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly