လူငယ်နဲ့ စကားပြေအရေးအသားပြဿနာ ( ၁ )

.

ဒီကနေ့ကစပြီး အခြေအနေပေးရင်ပေးသလောက် စကားပြေအရေးအသားကိစ္စ ဆွေးနွေးသွားဖို့ ရှိပါတယ်။

စကားပြေအကြောင်းပြောတော့ “စကားပြေဆိုတာ ဘာလဲဆို”တဲ့မေးခွန်းကို အရင်ဖြေကြည့်ရမယ်ထင်ပါတယ်။ ဟုတ်တယ်။ စကားပြေဆိုတာ ဘာလဲ။

စကားပြေနဲ့ပတ်သက်ပြီး ပညာရှိတွေရဲ့ အဆိုအမိန့်အမျိုးမျိုးအနက် ပါဠိပါရဂူ ဦးအောင်မိုးရဲ့ အဆိုအမိန့်ကို ကျနော် အနှစ်သက်ဆုံးပါပဲ။ သူက “စကားပြေဆိုသည်မှာ ကဗျာဟုမခေါ်ရသော မြန်မာစာပေမှန်သမျှသည် စကားပြေဖြစ်၏။ စကားပြေ၏အဓိပ္ပါယ်မှာလည်း ပြေပြစ်ချောမောသောစကား (၀ါ) စာပေဟူ၍ ဖြစ်ပေသည်” လို့ ဆိုပါတယ်။

ဦးအောင်မိုးရဲ့ အဆိုအမိန့်ထဲမှာ သတိပြုမိတဲ့အချက်က စကားပြေကို ပြေပြစ် ချောမောသောစကား ဆိုတဲ့အချက်ပါပဲ။ ဒီစကားအရဆိုရင် စကားပြေဆိုတာ ကျနော်တို့ နေ့စဉ်ပြောဆိုနေသောစကားများအပေါ်အခြေခံတယ်ဆိုတဲ့အ ချက်ပေါ်လာပါတယ်။ ကျနော်တို့ နေ့စဉ်သုံးနှုန်းပြောဆိုနေတဲ့စကား ပြေပြစ်ချော မောအောင် ပြောဆိုနေတဲ့စကားများကို စာပေအနေနဲ့ ချရေးထားခြင်းသာဖြစ်သည်လို့ ကောက်ချက်ဆွဲလို့ ရလာပါတယ်။

ဒါ့အပြင် တက္ကသိုလ်မြန်မာစကားပြေကောက်နှုတ်ချက် စကားပြေအကြောင်း အမှာစာထဲမှာလည်း “ကာရန်တို့ကို စနစ်တကျမသုံးဘဲ သို့တည်းမဟုတ် လုံးဝမသုံးဘဲ စာရေးလျင် စကားပြေဖြစ်လာသည်” လို့ ဆိုပါတယ်။

ဒီ အဆိုအမိန့်နဲ့ ဒီအမှာစာထဲမှာပါတဲ့အချက်အလက်အရ စကားပြေဆိုတာ ဘာလဲဆိုတဲ့မေးခွန်းကို ယေဘုယျအားဖြင့် ပြည့်စုံအောင်ဖြေလို့ရပြီလို့ ယူဆနိုင်ပါတယ်။ ဒီအပေါ်မှာမူတည်ပြီး ထပ်မံရှင်းလင်းရမည်ဆိုလျင် စကားပြေဟူသည်မှာ ကာရန်လုံးဝမသုံးသော၊ အကယ်၍ ကာရံကိုအသုံးပြုမည်ဆိုလျင်လည်း ကာရန်ကို စနစ်တကျမသုံးသောအဖွဲ့မျိုးကို စကားပြေလို့ ယူဆရမှာဖြစ်ပါတယ်။

ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)က အခုလို ရှင်းပြတာလည်း ရှိပါသေးတယ်။ “စကားပြေတွင် စာလုံးအရေအတွက်၊ အသံအနေအထား စသည်တို့ဖြင့်လည်း စည်းမျဉ်းသတ်မှတ်ထားခြင်းမရှိ၊ သာမာန်အားဖြင့် နေ့စဉ်ပြောနေသော စကား၊ နေ့စဉ်ရေးနေသော စာတို့သည် စကားပြေပင်ဖြစ်သည်”လို့ ဆိုပါတယ်။

“ဘာသာစကားဆိုသည်မှာလည်း နေ့စဉ်လူအချင်းချင်း အသံထွက်ပြီး ပြောဆိုနေကြသည့်စကားသံများကို အဓိကအားဖြင့် ဆိုလိုခြင်းဖြစ်သည်။ ထိုစကားသံများကို ထိုဘာသာစကား၏ ဖွဲ့ထုံးစည်းကမ်းနှင့်အညီ ပြေပြေပြစ်ပြစ် စီစဉ်ပြောဆိုလျင် အပြောစကားပြေဖြစ်ပြီး ထိုစကားသံများကို ထိုဘာသာစကား၏ ဖွဲ့ထုံးစည်းကမ်းနှင့်အညီ ပြေပြေပြစ်ပြစ် စီစဉ်ရေးသားလျင် အရေးစကားပြေဖြစ်လာသည်”လို့လည်း ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)က ရှင်းပြပါတယ်။

သည်နေရာမှာ ထပ်ပြီးသတိပြုမယ့်အချက်က ပြေပြေပြစ်ပြစ်ဖြစ်အောင် စီစဉ်မှု ဆိုတဲ့အချက် ဖြစ်ပါတယ်။ စကားပြေလို့ဆိုထားတာဖြစ်လို့ ပြေပြစ်သောစကား ဆိုတဲ့အဓိပ္ပါယ်ပါပြီးဖြစ်ပါတယ်။ ပြေပြစ်အောင်ပြောဆိုတော့ အပြောစကားပြေ၊ ပြေပြစ်အောင် ချရေးတော့ အရေးစကားပြေ။ ဒါပါပဲ။

ဒါဆိုရင် တဆင့်တက်ပြီးစဉ်းစားကြရအောင်ပါ။ ဘာပြုလို့ “ပြေပြေပြစ်ပြစ်ဖြစ်အောင်” လို့ ပြောဆိုနေကြရတာလဲ။ ကျနော်တို့အားလုံး သိထားပြီးဖြစ်တဲ့အချက်က မပြေပြစ်ရင် အပြောပဲဖြစ်စေ အရေးပဲဖြစ်စေ နားလည်ရခက်ခဲစေတာမျိုး၊ အဓိပ္ပါယ်မရှင်းလင်းတာမျိုးနဲ့ အဓိပ္ပါယ်မှားယွင်းစေတာမျိုး ဖြစ်စေမှာမို့ ပြေပြေပြစ်ပြစ် ဖြစ်အောင်ရေးဖို့ပြောဖို့ လိုအပ်ကြောင်း ထပ်ပြီးစဉ်းစားဖို့ လိုအပ်လာပြန်ပါတယ်။

ဥပမာ စင်ပေါ်တက်ပြီး စကားပြောကြတဲ့အခါ ပြေပြေပြစ်ပြစ်ပြောတတ်ရင် အပြောကောင်းသူလို့ ဆိုကြပြီး ပြေပြေပြစ်ပြစ် ချရေးပြရင် စာရေးကောင်းသူလို့ ဆိုကြတာဟာ ပြောရာမှာပဲဖြစ်စေ ရေးရာမှာပဲဖြစ်စေ ပြေပြေပြစ်ပြစ် ပြောတတ်ရေးတတ်ဖို့လိုအပ်တာ သွားတွေ့ကြရမှာပါ။

အပြောပဲဖြစ်ဖြစ် အရေးပဲဖြစ်ဖြစ် ဘယ်လူမျိုးရဲ့ဘာသာစကားပဲဖြစ်ဖြစ် စည်းမျဉ်းစည်းကမ်းရယ်လို့ ရှိလာပြန်ပါတယ်။  အဲဒီ စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြောတတ်ရေးတတ်သူဟာ အပြောကောင်းသူ အရေးကောင်းသူပါပဲ။ တကယ်တော့ ပြေပြေပြစ်ပြစ် ပြောတတ်ရေးတတ်သူဟာ ဘာသာစကားရဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြောတတ် ရေးတတ်သူဖြစ်တယ်လို့လည်း ပြောဆိုသတ်မှတ်နိုင်ပါတယ်။

ကျနော်တို့အားလုံး ကြားဖူးကြ ကြုံဖူးကြမှာပါ။ တခါတလေ စင်ပေါ်တက်ပြီးစကားသူတစ်ဦးရဲ့စကားကိုနားထောင်ရင်းက ဘာတွေပြောနေမှန်းကို မသိပါဘူးကွာ ဆိုတာမျိုးနဲ့ ဒီလူဟာ စကားမပြောတတ်ဘူးလားမသိပါဘူးကွာဆိုပြီး စက်ပေါ်ကစကားပြောနေသူအပေါ် မှတ်ချက်ပြုတာမျိုး ကြားဖူးကြုံဖူးကြမှာပါပဲ။ အဲဒါ ဘာပြုလို့လည်းဆိုတော့ စင်ပေါ်တက်စကားပြောသူဟာ စကားကို စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြေပြေပြစ်ပြစ် မပြောတတ်လို့ပါပဲ။ စည်းကမ်းနဲ့အညီမပြောတတ်တော့ စကားအစီစဉ်တွေမှားပြီး အဓိပ္ပါယ်ချို့ယွင်း၊ အဓိပ္ပါယ်မပြည့်၊ အဓိပ္ပါယ် ပြောင်းကုန်တာကြောင့် သူပြောနေတဲ့အကြောင်းအရာအပေါ် နားထောင်တဲ့သူတွေက နားမလည်အောင်ဖြစ်စေပြီး အပြောမကောင်းသူအဖြစ် မှတ်ချက်အပေးခံရတဲ့သဘောပါပဲ။

ဒါဆိုရင် စကားပြေချရေးသူတစ်ဦးအဖို့ သူ ဖြတ်သန်းရမယ့် အဆင့်တွေဆီ ဆက်ကြရပါမယ်။ သူဖြတ်သန်းရမယ့် အဆင့်တစ်ခုချင်းစီကို စဉ်းစားဆွေးနွေးဖို့လိုအပ်လာပါတယ်။ စကားပြေချရေးတော့မယ့်လူတစ်ယောက်ဟာ ဦးစွာအစ ပထမကတည်းက စနစ်တကျမရှိရင် အောင်မြင်တဲ့စကားပြေ ကောင်းမွန်တဲ့စကားပြေ လှပတဲ့စကား ဖြစ်မလာနိုင်ပြန်ပါဘူး။

ကဲ ဒါဆိုရင် နောက်တနေ့ကြရင်တော့ စကားပြေတစ်ခု ချရေးတော့မယ်ဆိုရင် အစကတည်းက စနစ်တကျဖြစ်ဖို့ စနစ်တကျစတင်နိုင်ဖို့ ဘယ်လိုအဆင့်တွေကို ကျော်ဖြတ်ကြရမလဲဆိုတာ ဆက်ပြီးဆွေးနွေးပါမယ်။ ဒီကနေ့တော့ ဒီလောက်ပါပဲ။

လူငယ်များ စကားပြေအရေးအသား မှန်ကန်ကောင်းမွန်နိုင်ကြပါစေ။ 

ငြိမ်းဝေ(ကဗျာ့အိုးဝေ)