ကင်ဂျံုအမ်း၏ ညီမသည် နိုင်လိုမင်းထက်ပြုမူသူဟု အမေရိကန်ဒုသမ္မတ ပြင်းပြင်းထန်ထန်ဝေဖန်

ကင်ဂျံုအမ်း၏ ညီမသည် နိုင်လိုမင်းထက်ပြုမူသူဟု အမေရိကန်ဒုသမ္မတ ပြင်းပြင်းထန်ထန်ဝေဖန်

ဝါရှင်တန်၊ အမေရိကန်ပြည်ထောင်စု၊ ဖေဖေါ်ဝါရီ ၂၃ ။            ။ အမေရိကန်ဒုသမ္မတမိုက်ခ်ပန့်စ်က ပြီးခဲ့သော တောင်ကိုရီးယားအိုလံပစ်အခမ်းအနား၌ သူ၏ အနီးတွင် ထိုင်ခဲ့ သော   မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်း၏ ညီမဖြစ်သူသည် ပြည်သူသန်းပေါင်းများစွာကို ဖိနှိပ်ချုပ် ချယ်သော ယုတ်ညံ့သည့်ဂိုဏ်းဂဏစွဲမိသားစုဝင်ဖြစ်သည်ဟု ကြာသာပတေးနေ့က ပြင်းပြင်းထန်ထန်ထိုးနှက် ပြောဆိုခဲ့သည်။

ကင်ဂျုံအမ်း၏ ညီမဖြစ်သူ ကင်မ်ယိုဂျုံနှင့် ပန့်စ်တို့သည် ပြီးခဲ့သောဖေဖေါ်ဝါရီ ၉ ရက်နေ့က ဆိုးလ်မြို့တွင်ပြုလုပ် ခဲ့သော အိုလံပစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သူများဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် နီးကပ်စွာ ထိုင်နေခဲ့ကြသော်လည်း နှုတ်ဆက်စကားပြောဆိုခဲ့ခြင်းမရှိကြောင်း သိရသည်။

သူတို့နှစ်ဦး နီးကပ်စွာထိုင်နေသည့်ပုံအား ကမ္ဘာတစ်ဝန်းက ထုတ်လွှင့်ပြသခဲ့ပြီး သံတမန်ဆက်ဆံရေးအတွက် ရောင်နီသန်းလာမလားဟု လူအများနှင့် မီဒီယာများက မျှော်လင့်တကြီး စောင့်ကြည့်ခဲ့ကြသည်။

ပြီးခဲ့သောရက်ပိုင်းအတွင်းက အမေရိကန်တာဝန်ရှိသူများက ပန့်စ်နှင့် မြောက်ကိုရီးယားကိုယ်စားလှယ်များ သည် သိုသိုသိပ်သိပ် တွေ့ဆုံဆွေးနွေးဖို့စီစဉ်ထားခဲ့သော်လည်း ပြုံယမ်းအစိုးရက နောက်ဆုံးမိနစ်ကျမှ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့ကြသည်။

ထို့နောက် ကြာသာပတေးနေ့တွင် ပန့်စ်က မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမဖြစ်သူအား ယခုလိုဝေဖန် ထိုးနှက်ခဲ့သည်။

“ကင်ဂျုံအမ်းရဲ့ညီမဟာ ဒီကမ္ဘာပေါ်မှာ နိုင်လိုမင်းထက်ပြုမူပြီး ဖိနှိပ်အချုပ်ချယ်ဆုံးဖြစ်တဲ့ အစိုးရအဖွဲ့မှာ အဓိက ကဏ္ဍကနေပါဝင်ပါတယ်။ သူတို့မိသားစုဟာ မြောက်ကိုရီးယားပြည်သူ ၂၅ သန်းကျော်ကို နှိပ်စက်၊ အငတ်ထား၊ ထောင်သွင်းအကျဉ်းချနေတဲ့ ယုတ်ညံ့တဲ့ဂိုဏ်းဂဏစွဲမိသားစုတစ်စု ဖြစ်ပါတယ်” ဟု သူက ကွန်ဆာဗေးတစ် နိုင်ငံရေးလုပ်ဆောင်ချက်ညီလာခံသို့ တက်ရောက်လာသူ လူထောင်ပေါင်းများစွာအား ပြောခဲ့သည်။

ဆက်လက်ပြီး “ကျနော့်အနေနဲ့ မြောက်ကိုရီးယားတာဝန်ရှိသူတွေနဲ့ အတူတကွရယ်မောနှုတ်ဆက်နေသင့် တယ်လို့ မီဒီယာတွေက ထင်မြင်ယူဆနေကြပါတယ်။ ကျနော်ပြောပါမယ်။ အမေရိကန်ပြည်ထောင်စုဟာ အာဏာရှင်အစိုးရတွေနဲ့ အတူမရပ်တည်ပါဘူး။ ကျနော်တို့ဟာ အာဏာရှင်တွေကို မျက်နှာချင်းဆိုင် ရင်ဆိုင်ဝံ့ သူတွေဖြစ်ပါတယ်” ဟု သူ့အား ကျယ်လောင်စွာအာပေးထောက်ခံနေသူများကို ပန့်စ်က ပြောခဲ့သည်။

“ပြီးတော့ မြောက်ကိုရီးယားအနေနဲ့ ကျနော်တို့ရဲ့မဟာမိတ်တွေနဲ့ ကျနော်တို့နိုင်ငံကို ခြိမ်းခြောက်နေတာတွေကို မရပ်မချင်း သို့မဟုတ် သူတို့ရဲ့နျူကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံးပျံတွေကို မစွန့်လွှတ်သရွေ့ ကျနော်တို့အနေနဲ့ ဒီပုံစံအတိုင်းပဲ ဆက်လက်ရပ်တည်သွားမှာပါ” ဟု ပန့်စ်က ခိုင်ခိုင်မာမာ ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly