လိပ်ကျွန်း သေဒဏ်ကျ မြန်မာနှစ်ဦး အမှု ခုခံ ချေပရန် ထိုင်းရှေ့နေများဘက်မှ အဆင့်သင့်မဖြစ်သေး

လိပ်ကျွန်း သေဒဏ်ကျ မြန်မာနှစ်ဦး အမှု ခုခံ ချေပရန် ထိုင်းရှေ့နေများဘက်မှ အဆင့်သင့်မဖြစ်သေး
ဓာတ်ပုံ-အီးပီအေ

 

ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၁၈ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။               ။ လိပ်ကျွန်း လူသတ်မှုဖြင့် သေဒဏ် ကျခံရသော မြန်မာနိုင်ငံသား နှစ်ဦးအမှု နောက်ဆုံးအယူခံအပေါ် ထိုင်းရှေ့နေဘက်မှ ချေပရန် အဆင်သင့်မဖြစ်သေးသဖြင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ သို့ထပ်မံ ရက်ချိန်း တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ နှစ်ဦး၏ ရှေ့နေများက စာမျက်နှာပေါင်း ၃၁၈ မျက်နှာပါ အယူခံအပေါ် ခုခံချေပရန် အချက်အလက်များ အဆင်သင့် မဖြစ်သေးသဖြင့် လာမည့် မတ်လ ၂၃ ရက်နေ့ထိ ထိုင်းရှေ့နေများဘက်မှ အဆင့်မြင့် တရားရုံးသို့ လျှောက်လဲချက်တင်ရန် ထပ်မံ တောင်းဆိုခြင်း ဖြစ်သည်။

“အန်ကယ်တို့ တင်ထားတဲ့ စာမျက်နှာ ၃၁၉ မျက်နှာက အချက်ပေါင်း ၁၈ ချက်ထဲမှာ အသေးစိတ် အောက်မူလရုံးတုန်းက မျက်မြင်သက်သေ မရှိဘဲနဲ့ သက်သေခံ ပေါက်တူးတို့၊ ဒီအန်အေ တို့ ပုံရိပ်တွေကို ကြည့်ပြီးတော့ သေဒဏ်ချခဲ့တာဟာ မမှန်ကန်ဘူး ဆိုတာက အသေးစိတ် ရှင်းပြခဲ့တယ်။ အဲဒီလို ရှင်းပြတဲ့အချက်တွေကလည်း ဥပဒေအရ ခိုင်လုံသလို၊ ထောက်ပြ စရာ အချက်တွေကလည်း ခိုင်လုံတဲ့ အနေအထားမျိုး ရှိပါတယ်။ ဒီလိုရှိနေတဲ့ အနေအထားမျုးိမှာ ထိုင်းအစိုးရ ရှေ့နေဘက်မှနေ ခုခံချေပ လျှောက်လဲတဲ့ နေရာမှာ ပြည့်စုံအောင် ခုခံဖို့အတွက် အချက်အလက်တွေ မရလို့ အခက်အခဲ ဖြစ်နေတယ်လို့ သုံးသပ်လို့ ရတဲ့အနေအထားပါ”ဟု မြန်မာသံရုံးအထူးကိုယ်စားလှယ်အဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ထိုင်းအဆင့်မြင့် တရားရုံးသည် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွန်းကို လိုက်နာသဖြင့် ယခု အမှုမှာလည်း တရားမျှတစွာ လုပ်ဆောင်နေလိမ့်မည်ဟု ထိုင်းအဆင့်မြင့်တရားရုံးကို ယုံကြည်ကြောင်း သူက ဆက်ပြော သည်။

“ထိုင်းနိုင်ငံရဲ့ ဒီလို အဆင့်အမြင့်ဆုံး တရားရုံးတွေဟာ များသောအားဖြင့် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွန်းနဲ့ ညီအောင် ဆောင်ရွက်တယ်။ ဆုံးဖြတ်တဲ့အနေအထားရှိပါတယ်။ သူတို့ ဒီလို ဆုံးဖြတ်ဖို့ ဆိုလို့ ရှိရင် အန်ကယ်တို့ တင်ထားတဲ့ အယူခံလျှောက်လွာ၊ အစိုးရ ရှေ့နေဘက်ကခုခံချေပလျှောက်လဲချက်ဆိုတဲ့အပေါ်မှာ မူတည်သုံးသပ်ပြီးတော့ သူတို့ ဆုံးဖြတ်ချက် ချချင်တာပါ။ ဒါပေမဲ့ အမှုသဘောက အမှုတွဲ အားလုံးဟာ သူတို့ဆီမှာ ရောက်နေတဲ့အတွက်ကြောင့် ဒါတွေ သူတို့လေ့လာပြီးသား ဖြစ်မှာပါ” ဟု သူက ပြောသည်။

တရားရုံး၏ ဥပဒေအရ မြန်မာနှစ်ဦးဘက်မှ သာနေသော်လည်း အစိုးရ ရှေ့နေဘက်မှ လျှောက်လဲချက်တင်ပြီးမှ တရားရုံး အမိန့်ကို စောင့်ဆိုင်းရမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့၏ စာမျက်နှာပေါင်း ၃၁၉ မျက်နှာပါ နောက်ဆုံး အယူခံကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က ကော့စမွေတရားရုံးမှတဆင့် ထိုင်းဗဟိုတရားရုံးချုပ်သို့ တင်သွင်းခဲ့ရာ စက်တင်ဘာ လ ၁၈ ရက်နေ့တွင် ထိုင်းအဆင့်မြင့် တရားရုံးက လက်ခံခဲ့ပြီး အောက်တိုဘာလ ၂၂ ရက်နေ့တွင် အယူခံအပေါ် ခုခံ ချေပရန် အမိန့်ချမှတ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကွျှန်းတွင် ဗြိတိန်နိုင်ငံသား အသက် ၂၄ နှစ် ဒေးဗစ်မေလာနှင့် အသက် ၂၃ နှစ် ဟာနာဝစ်သာရစ် တို့ အသတ်ခံရမှုတွင် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ဖမ်းဆီးကာ လူသတ်မှု အပါအဝင် ၇ မှုဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ် ချမှတ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly