ဦးဝီရသူအား သက်ဆိုင်ရာက အရေးယူပေးရန်နှင့် သံဃာတော်များအားနှိုးဆော်ပွဲ ပြုလုပ်မည်

ဦးဝီရသူအား သက်ဆိုင်ရာက အရေးယူပေးရန်နှင့် သံဃာတော်များအားနှိုးဆော်ပွဲ ပြုလုပ်မည်

ရန်ကုန် ဖေဖော်ဝါရီ ၂၂ ။            ။ ဆရာတော်ဦးဝီရသူအား သက်ဆိုင်ရာက အရေးယူပေးရန်နှင့် သံဃာတော်များနှိုးဆော်ခြင်းဟု ဆိုသော အစီအစဉ်တစ်ရပ်ကို  ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၊ မြန်မာ ဂျာနယ်လစ်ကွန်ယက်ရုံးတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သာသနာတော်ကို အကြည်အညိုပျက်စေ၍ ထိ ခိုက်လာသည့် လုပ်ရပ်များကို သက်ဆိုင်ရာက သိရှိ အရေးယူနိုင်ရန် ရွှေဝါရောင်သံဃာတော် များအပါအဝင် ဗုဒ္ဓသာသနာသန့်ရှင်းရေး လို လားသည့်သံဃာတော်များ ပါဝင်၍ ပြုလုပ်ရခြင်း ဖြစ်သည်ဟု အဆိုပါသတင်းစာရှင်းလင်းပွဲကို ဦးဆောင်ပြုလုပ်မည့် ဆရာတော်မင်းသုည (ဗုဒ္ဓ တက္ကသိုလ်) က မဇ္ဈိမသို့ မိန့်ကြားသည်။

" ဦးဇင်းတို့ ဝိနည်းသိက္ခာပုဒ်တွေအရ လူသတ်တာကို အားပေးလို့မရဘူး၊ ထောက်ခံလို့ မရဘူး၊ ဒါ အတိအလင်း ရှိတယ်၊ အခုလိုမျိုး ဝိနည်း သိက္ခာပုဒ်တွေလည်း ချိုးဖောက်၊ သာသနာညှိုးနွမ်းမှုဆိုတဲ့ ၂၉၅ တွေ လည်းပဲ ချိုးဖောက်၊ ဒါကို အရေးမယူဘဲထားတာက ဦးဇင်းတို့ သာသနာ တော်အပေါ်ကို ပိုပြီးတော့ အကြည်ညိုပျက်စေလာတယ်၊ သာသနာကို ဖျက်ဆီးရာရောက်နေတဲ့အတွက်ကြောင့်   ရှေ့ဆက်ပြီး ဒီလိုမျိုး မဖြစ်စေချင်တဲ့အတွက် ဦးဇင်းတို့က သတင်းစာရှင်းလင်းပွဲလုပ်ပြီး သက်ဆိုင်ရာက ထိရောက်စွာ အရေးယူ ပေးနိုင်ဖို့ ဦးဇင်းတို့ရည်ရွယ်ပြီး လုပ်မှာပါ" ဟု ဆရာတော်မင်းသုည (ဗုဒ္ဓ တက္ကသိုလ်) က မိန့်ကြားသည်။

ထို့ပြင် ဆရာတော်ဦးဝီရသူအား အမြန်ဆုံး ထိရောက်စွာ အရေးယူပေးရန် မဟနနှင့် သာသနာရေး ဝန်ကြီးဌာနသို့ ဆက်လက်တိုင်ကြားနိုင်ရန် ဆောင်ရွက်သွားမည်ဟု ဆရာတော်မင်းသုည (ဗုဒ္ဓ တက္ကသိုလ်) က မိန့်ကြားချက်အရ သိရသည်။

" အားလုံးသိတဲ့ အတိုင်းပဲ အခု လူသတ်သမားရဲ့ ကြည်လင်းရဲ့ ဆရာဆိုပြီး ပေါ်တင်ပြောတယ်၊ လူသတ်သမား ကို ဘုရားလောင်းနဲ့နှိုင်းပြီး ချီးကျူးတယ်၊ ဂုဏ်ပြုတယ်၊ ကျေးဇူးတင်တယ်ဆိုပြီး ပြောတယ်၊ အားပေးတယ်၊ ထောက်ခံတယ်ပေါ့" ဟု ဆရာတော်မင်းသုည (ဗုဒ္ဓ တက္ကသိုလ်)က မိန့်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့(ယနေ့)က လည်း ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြင့်တွင် ကျင်းပသည့် ၁၆ ကြိမ်မြောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ပါး စုံညီ အစည်းဝေးတွင် ပြည်ထာင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာတော်တစ်ရပ်လုံးကို မထီမဲ့မြင်ပြုမူနေထိုင်ပြီး ဝိနည်းတော်နှင့်မညီသည့် ရဟန်းသံဃာတော်များကို ဓမ္မစက်ကနေ အာဏာစက်ဖြင့် အရေးယူနိုင်ရေး ညွှန်ကြားပေးရန် လျှောက်ထားခဲ့ သည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့(ယနေ့)က ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြင့်တွင် ကျင်းပသည့် ၁၆ ကြိမ် မြောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ပါး စုံညီ အစည်းဝေးတွင် ပြည်ထာင်စုဝန်ကြီး သူရဦးအောင်ကိုက လျှောက်ထားခဲ့သည်။

"အချို့သောရဟန်းသာမဏေများသည် သာသနာတော်၏ ကျေးဇူးဂုဏ်ကိုမစာင့်၊ မိမိတို့နောင်ရေးကိုလည်း သတိမရောက်ဘဲ သာသနာတော်တရပ်လုံးကို မထီမဲ့မြင် ပြုမူနေ ထိုင်ပြီး သာသနာ့ဝန်ထမ်း ရဟန်းအချင်းချင်းကိုလည်း မငဲ့၊ ဒါယကာ ဒါယိကာမများ၏ သဒ္ဓါတရားကို ဖျက်ဆီးလျက် သာမဏသာရုပ္ပမဖြစ်သော ကာယကံမှု၊ ဝစီကံမှုတို့ကို ကျူးလွန်နေကြပါသည်ဘုရား။ ထိုသို့ ကျူးလွန်နေခြင်းကြောင့် အခြားသီတင်းသုံးဖော် ရဟန်းကောင်း သာမဏေကောင်းတို့၏ အကျင့်သိက္ခာကို မှေးမှိန်ရာရောက်စေသည့်အပြင် မြတ်စွာဘုရားသာသနာတော် အဓွန့်ရှည်မှုကိုလည်း အန္တရာယ်ပြုရာ ရောက်နေပါသည်ဘုရား သို့ဖြစ်ပါ၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးက ထုတ်ပြန်ပြီးဖြစ်သော ညွှန်ကြားလွှာအမှတ် (၇၂) နှင့်အညီ အောက်ခြေသံဃာ့ အဖွဲ့အစည်းအဆင့်ဆင့် တို့၏ ဓမ္မစက်ကို အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်တို့၏ အာဏာစက်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ထပ်မံညွှန်ကြားသင့်ပါကြောင်း လျှောက်ထားလိုပါသည်ဘုရား"ဟု ပြည်ထောင် စုဝန်ကြီး သူရဦးအောင်ကိုက လျှောက်ထားခဲ့ ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly