နိပေါအနောက်ပိုင်းမှ ဆန့်ကျင်ဆန္ဒပြသူများက ရဲများကို ပုစိန်၊ လှံများဖြင့် သတ်ဖြတ်

နိပေါအနောက်ပိုင်းမှ ဆန့်ကျင်ဆန္ဒပြသူများက ရဲများကို ပုစိန်၊ လှံများဖြင့် သတ်ဖြတ်

ခတ်မဒူ၊ သြဂုတ် - ၂၅ ။      ။ ဖွဲ့စည်းပုံဥပဒေသစ်အတွက် အဆိုပြုမှုများနှင့် ပတ်သက်၍ အကြမ်းဖက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ နီပေါနိုင်ငံအနောက်ပိုင်းတွင် ဆန့်ကျင်သူများက အနည်းဆုံး ရဲအရာရှိ ၇ဦးကို သတ်ဖြတ်ပစ်ခဲ့ကြသည်ဟု ဆိုသည်။

သြဂုတ်လ ၂၄ရက်နေ့က လူထောင်ပေါင်းများစွာမှာ အာဏာဖီဆန်သည့်အနေဖြင့် လမ်းမများပေါ်သို့ ထွက်လာခဲ့ကြကာ အစိုးရက သောကြာနေ့ကတည်းက ပြဌာန်းထားခဲ့သည့် တားမြစ်ဇုန်အတွင်းသို့ပင် ကျူးကျော်ဝင်ရောက်လာခဲ့ကြသည။်

အာဏာပိုင်များက တင်းကျပ်ကန့်သတ်ရန် ကြိုးစားနေစဉ်မှာပင် နိပေါ်အနောက်ဖျားရှိ ကိုင်လာလီခရိုင်တွင် အရာရှိများကို ပရမ်းပတာလူအုပ်ကြီးက ဝိုင်းထားခဲ့ကြသည်။

ဆန့်ကျင်သူများက ပေါက်စိန်များ၊ ကောက်ရိုက်ဓားများ၊ လှံများကို အသုံးပြု၍ အရာရှိများကို တိုက်ခိုက်ခဲ့ကြသည်ဟု ကိုင်လာလီခရိုင် အရာရှိချုပ်က ရာ ကူးမား ရှရပ်သာက  စီအင်အင်သို့ ပြောကြားခဲ့သည်။

တိုက်ခိုက်မှုအတွင်း ကလေးတစ်ယောက်လည်း သေဆုံးခဲ့ရသော်လည်း ဆန့်ကျင်သူများဖက်တွင် သေကြေဒဏ်ရာရမှု သတင်းကိုမူ မကြားသိရသေးကြောင်း ရှရပ်သာက ပြောကြားခဲ့သည်။  

၂၀၀၈ခုနှစ် မော်ဝါဒီသူပုန်များက နိုင်ငံ၏ ဘုရင်ကို ဖြုတ်ချဖယ်ရှားပြီးကတည်းက လေ့လာသုံးသပ်လာခဲ့ကြသည့် ဖွဲ့စည်းပုံအပြောင်းအလဲများက နိုင်ငံကို ပြည်နယ်၇ခု ခွဲခြားပြီး ဖက်ဒရယ်ပုံစံ ဖွဲ့စည်း မည်ဖြစ်သည်။

ဖွဲ့စည်းပုံအသစ်မှာ ၎င်းတို့အား ပို၍ဘေးရောက်သွားစေနိုင်သောကြောင့် လူနည်းစုဖြစ်သည့် သာရူလူမျိုးစုးများက ပြင်နယ်၇ခု ခွဲခြမ်းမည့်စီမံကိန်းကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်နေကြသည်။ နိုင်ငံ အဝန်းရှိ အခြားလူနည်းစုလူမျိုးစုများကလည်း ဖွဲ့စည်းပုံအသစ်ကို ဆန့်ကျင်ကာ ကိုယ်ပိုင်ပြည်နယ်တောင်းဆိုနေကြသည်။

ရဲအရာရှိ ရမ် ဘီဟာရီကိုမူ ဆန့်ကျင်သူများက အရှင်လတ်လတ် မီးရှို့သတ်ခဲ့ကြသည်ဟု ပြည်ထဲရေးဝန်ကြီး ဘမ် ဒက် ဂေါက်တမ်က ပါလီမန်သို့ ပြောကြားခဲ့သည်။ ကြိုတင်စီစဉ်ထားသော တိုက်ခိုက် မှုဖြစ်သောကြောင့် အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းရန်အတွက် စစ်တပ်များ ဖြန့်ချထားသင့်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

တိုက်ခိုက်မှုတွင် အခြားအရာရှိ ၁၆ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သောကြောင့် လက်ရှိ ဆေးရုံတွင် ကုသမှုခံယူနေရသည်ဟု ဆိုသည်။

နိပေါရဲချုပ် အူပင်ဒရာ ကန့် အရိုင်ယယ်ကမူ လူသတ်သမားများကို ဥပဒေရှေ့မှောက်သို့ အရောက်ခေါ်ဆောင်လာမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးဝန်ထမ်းများကိုလည်း တာဝန်ချိန်တွင် နိုးနိုးကြားကြားရှိကြရန် တပ်လှန့်ထားကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly