ငြိမ်းစုစီဥပဒေမူကြမ်းသည် ဒီမိုကရေစီအခွင့်အရေးများကို ပြန်သိမ်းယူခြင်းဟု ဒေါ်ညိုညိုသင်းပြော

ငြိမ်းစုစီဥပဒေမူကြမ်းသည် ဒီမိုကရေစီအခွင့်အရေးများကို ပြန်သိမ်းယူခြင်းဟု ဒေါ်ညိုညိုသင်းပြော
ဓာတ်ပုံ - သက်ကို

ရန်ကုန် ဖေဖော်ဝါရီ ၂၂ ။           ။ ငြိမ်းစုစီဥပဒေမူကြမ်းသည် ယခင်အစိုးရလက်ထက်၊ လွှတ်တော်မှ ရထားသည့် ပြည်သူများ၏ ဒီမိုကရေစီ အခွင့်အရေးများကို ပြန်သိမ်းယူလိုက်ခြင်းဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက ပြောကြား လိုက်သည်။

ငြိမ်း၊ စု၊ စီ ဥပဒေခေါ် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းနှင့် ပတ်သတ်ပြီး ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ Orchid ဟိုတယ်တွင် သတင်းမီဒီယာများကို ယခုကဲ့သို့ ပြောခဲ့ခြင်း ဖြစ်သည်။

" ဒီမိုကရေစီအခွင့်အရေးတွေကို ရှင်သန်စေ ရမယ်ဆိုတဲ့ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရလက်ထက်မှာ ဒီမိုကရေစီရဲ့အနှစ်သာရတွေကို ပြည်သူလူထုကို ပြည့်ပြည့်ဝဝ မရရင်တောင်မှ အရင်ကထက် ပိုရစေချင်တယ်၊ အခုဆိုလို့ရှိရင် ဒီဥပဒေကို ကြည့်လိုက်ရင် အရင်အန်တီတို့ လွှတ်တော်ခေတ်က ရထားတဲ့ အခွင့်အရေးတွေကို ပြန်ပြီးသိမ်းယူလိုက်တာပဲ၊ အရင်အခွင့်အရေးတွေကို ပုဒ်မ ၁၈ က အားလုံးကို ပြန်သိမ်းလိုက်တာပဲ၊ မင်းတို့ ရုတ်ရုတ်မလုပ်နဲ့ ဆန္ဒပြဖို့တွေ တိုက်တွန်းတာတွေ သွေးဆောင်တာတွေ၊ ဖျားယောင်းတာတွေ အခြားနည်းနဲ့ တွေ ဘာမှမလုပ်နဲ့ ၊ လုပ်လို့ရှိရင် ဒီထဲကိုဝင်တယ်လို့ သတ်မှတ်ရင် ထောင် ၃ နှစ်သွားရမယ်ဆိုတာလေ" ဟု ဒေါ်ညိုညိုသင်းက ပြောသည်။

အဆိုပါဥပဒေမူကြမ်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့က အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဥပဒေကြမ်းကော်တီက တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ယခင်က စုဝေးခြင်း သို့မဟုတ် စီတန်းလှည့် လည်လိုသူများသည် ပြုလုပ်မည့်အစီအစဉ်၊ ခန့်မှန်း လူဦးရေ ကိုသာ သက်ဆိုင်ရာသို့ တင်ပြရမည် ဖြစ်သော်လည်း အခုအခါတွင် ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုပါ တင်ပြရမည်ဟု ဥပဒေမူကြမ်းတွင် ပြင်ဆင်ထားသည်။

" ဥပဒေက ရပ်ရွာအေးချမ်းသာယာရေးဆိုတာ ဘာတွေ၊ တရားဥပဒေစိုးမိုးရေးဆိုတာ ဘာတွေလို့ ပြောမထားဘူး၊ ဒါကြောင့်မို့လို့ တော်တော်များများက မီဒီယာတွေရော၊ လွှတ်တော်ကိုယ်စားလှယ်တွေရော ဘယ်မှာအာရုံထားနေကြလဲ ဆိုတော့ ခုနက စပွန်ဆာကို ထုတ်ပြောရမယ် တို့ ငွေကြေး ဘယ်လောက် ကုန်တာဖြစ်ရမယ် အဲဒါတွေထုတ်ပြောရတဲ့အပေါ်မှာ အာရုံစိုက်နေရတဲ့အခါကျတော့ ဒီပုဒ်မ ၁၈ အပေါ်မှာ နည်း နည်းလေး အာရုံက နည်းသွားတယ်လေ၊ ဒါကြောင့်မို့ အန်တီတို့က ပုဒ်မ ၁၈ ကို ထောက်ပြချင်တာပေါ့နော်" ဟု ဒေါ်ညိုညိုသင်းက ပြောသည်။

ထို့ပြင် ဥပဒေ အခန်း ၇ ပြစ်မှု၊ ပြစ်ဒဏ်တွင် လည်း ပုဒ်မ ၁၈ အဖြစ် မည်သူမဆို နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် ပြည်သူများ၏ ကိုယ့်ကျင့်တရား အကျိုးတို့ကို ပျက်ပြားစေရန်အကြံဖြင့် ဖြစ်စေ၊ ထိုသို့ ပျက်ပြားတန်ရာသော အခြေအနေ ဖြစ်နိုင်ကြောင်း သိလျက်နဲ့ ဖြစ်စေ၊ ငွေ သို့မဟုတ် ပစ္စည်းကိုသော် လည်းကောင်း၊ အခြားနည်းလမ်း တစ်ခုခုကိုသော်လည်းကောင်းသုံးစွဲပြီး သူတစ်ဦးဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုအောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းကို ပြုကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ချ မှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ထပ်မံဖြည့်စွက်ထားသည်။

ပုဒ်မ ၁၈ မှ လွဲပြီး ဥပဒေပါ ပြစ်မှုတစ်ခုခုကို ဖောက်ဖျက် ကျုးလွန်းလျှင် ပြစ်မှုကျုးလွန်သည့် နေ့ကစပြီး ၁၅ ရက်အတွင်း သက်ဆိုင်ရာ တရားရုံးသို့ တရားစွဲဆိုတင်ပို့ရမည်ဟုလည်း အစားထိုးထားသည်။

ယင်းဥပဒေအတည်ပြုလိုက်လျှင် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များ သာမန်အရပ်သားပြန် ဖြစ်လျှင် ယင်းဥပဒေ၏ သားကောင်များမဖြစ်ဟု မပြောနိုင်ကြောင်း ဒေါ်ညိုညိုသင်းက ဆက်ပြောသည်။

"ဥပဒေပြုသူတွေ စဉ်းစားရမှာက ဒီလွှတ်တော် ရော၊ ဒီအစိုးရရောက ၃ နှစ်ကျော်ပဲ ကျန်တော့တယ်လေ၊ ဒါပေမယ့် ဒီဥပဒေကြီးက ဒီနိုင်ငံမှာ တစ်ဆက်တည်းရှိသွားမှာ၊ အဲဒီတော့ ဒီနေ့ လွှတ်တော်ကိုယ်စားလှယ် တွေလည်း သာမန်အရပ်သားဘဝပြန်ရောက်သွားလို့ရှိရင် ဒီဥပဒေရဲ့ သားကောင်နဲ့ ဓါးစာခံတွေ မဖြစ်ဘူးလို့ ပြောလို့ မရဘူး၊ ဒါကြောင့်မို့ ဒီဥပဒေပြုသူတွေ ကောင်း ကောင်းစဉ်းစားဖို့ လိုတယ်" ဟု ဒေါ်ညိုညိုသင်းက ပြောသည်။

ငြိမ်း၊ စု၊ စီ ဥပဒေခေါ် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်ကလည်း လက်ခံဆွေးနွေးရန် သဘောတူထားပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတွင် ကြားနာမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်ညိုညိုသင်းသည် ယခင်အစိုးရလက်ထက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly