ရေဘေးသင့်ဒေသများ အတွက် အစားအသောက်၊ ဆေးဝါးနှင့် ကူညီကယ်ဆယ်ရေးဝန်ထမ်းများ ထောက်ပံ့ရန် 3MDG က ကန်ဒေါ်လာ ၄၂၀၀၀၀ ကျော်ထောက်ပံ့

ရေဘေးသင့်ဒေသများ အတွက် အစားအသောက်၊ ဆေးဝါးနှင့် ကူညီကယ်ဆယ်ရေးဝန်ထမ်းများ ထောက်ပံ့ရန် 3MDG က ကန်ဒေါ်လာ ၄၂၀၀၀၀ ကျော်ထောက်ပံ့
စစ်ကိုင်းတိုင်း ကလေးမြို့ရှိ ရေကြီးမှု အခြေအနေကို တွေ့မြင်ရစဉ်။ ဓါတ်ပုံ - ဟောင်ဆာ (ရာမည)

ရန်ကုန်၊ သြဂုတ် ၂၅ ။          ။ မြန်မာနိုင်ငံရှိ ရေဘေးသင့် ဒေသများအတွက် အစားအသောက် ၊ ဆေးဝါးနှင့် ကူညီ ကယ်ဆယ်ရေး ဝန်ထမ်း များအား  ပံ့ပိုး ထောက်ပံ့ရန်ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေ (3MDG) က အမေရိကန် ဒေါ်လာ ၄၂၀၀၀၀ ကျော် အထောက်အကူပေးရန် လျာထားပြီးဖြစ်သည်ဟု 3MDG က သြဂုတ် ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။

3MDG  အနေဖြင့် နိုင်ငံတော်အစိုးရ၊ နိုင်ငံတကာ၊ ဒေသခံအဖွဲ့အစည်းများနှင့် အတူပူးပေါင်းကာ ရေဘေးဒဏ်ခံစားရလျက်ရှိသော ပြည်သူ ၁ ဒဿမ ၆ သန်းကျော်အားလူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးအပ်လျက် ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။  

အဆိုပါ ရန်ပုံငွေများအား အရေးပေါ် အထောက်အပံ့ပစ္စည်းများ ဖြစ်သည့် ရေသန့်စင် ဆေးထုပ်များ၊ ဝမ်းပျက် ဝမ်းလျော ဖြစ်ပွားမှုကို ကုသရန် ဓါတ်ဆားထုပ်များ၊ ကျန်းမာရေးသုံးပစ္စည်းများ၊ မိသားစုသုံး ပစ္စည်းများ၊ မိုးရေကာ ရွက်ဖျင်ထည်များနှင့် အတူအစားအသောက်များကို ဖြန့်ဖြူးပေးရာတွင် အသုံးပြုလျက်ရှိသည်။

ယင်းအပြင် ရွေ့လျားဆေးခန်းများဖြင့် ဆေးဝါးကုသမှုများပေးခြင်း၊ အရေးပေါ်ဆေးကုသမှုခံယူနိုင်ရေး လွဲပြောင်းပေးမှုများနှင့် အချို့နေရာများတွင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုအတွက် အရေးပါသော လူများ အားသင်တန်းပေးမှု တို့အတွက်လည်း အဆိုပါ ရန်ပုံငွေကိုအသုံးပြုသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ကူညီထောက်ပံ့မှုများ ပေးရာတွင် ချင်းပြည်နယ် အတွင်းရှိ သဘာဝဘေးဒဏ် ခံစားရသော မြို့နယ်များ၊ မကွေးတိုင်း အတွင်းရှိ မြို့နယ်များကို ရေသန့်စင် ဆေးထုပ်များ၊ ဝမ်းပျက် ဝမ်းလျောမှုကို ကုသရန် ဓါတ်ဆားထုပ်များ၊ ကျန်းမာရေးသုံး ပစ္စည်းများ စသည်တို့ကို ထောက်ပံ့ပေးခြင်းဖြစ်သည်။

3MDG ရန်ပုံငွေအား သြစတြေးလျ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့က စုပေါင်းထည့်ဝင်လှူဒါန်းကာကုလသမဂ္ဂ စီမံကိန်း ဝန်ဆောင်မှုရုံး (UNOPS) က စီမံခန့်ခွဲပေးသည်။

ကျန်းမာရေးဝန်ကြီး ဌာန၏ကျန်းမာရေးစောင့်ရှောက်မှု စနစ်များပိုမိုအားကောင်းစေရေးနှင့် မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုအရှိန် ဟုန်မြှင့်ဆောင်ရွက်နိုင်ရေး တို့အတွက် ထောင်စုနှစ်ဖွံ့ဖြိုး တိုးတက်ရေးရည်မှန်းချက်သုံးမျိုးရန်ပုံငွေ (3MDG) ကို၂၀၁၂ခုနှစ်တွင် စတင်တည်ထောင် ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly