Eurovision သီချင်းဆိုပြိုင်ပွဲ၌ ဗြိတိန်အတွက် ပြိုင်ပွဲဝင်သီချင်းရေးစပ်ပေးလိုကြောင်း အက်ဒ်ရှီရန်းပြောကြား

Eurovision သီချင်းဆိုပြိုင်ပွဲ၌ ဗြိတိန်အတွက် ပြိုင်ပွဲဝင်သီချင်းရေးစပ်ပေးလိုကြောင်း အက်ဒ်ရှီရန်းပြောကြား

နာမည်ကျော်အင်္ဂလိပ်အဆိုတော်နှင့် တေးရေးဆရာဖြစ်သူ အက်ဒ်ရှီရန်းက သူသည် ဥရောပနိုင်ငံများမှ အဆိုရှင်တစ်ဦးစီက မိခင်နိုင်ငံကိုကိုယ်စားပြု၍ သီဆိုယှဉ်ပြိုင်သည့် Eurovision သီချင်းဆိုပြိုင်ပွဲတွင် ဗြိတိန် ကိုယ်စားပြုအဆိုတော်အတွက် သီချင်းရေးစပ်သီကုံးပေးလိုကြောင်း ပြောခဲ့သည်။

မကြာမီသေးခင်နှစ်များအတွင်း တစ်ဟုန်ထိုးနာမည်ကျော်ကြားလာခဲ့သည့် ဗြိတိန်ပေါ့ပ်အဆိုတော်နှင့် တေးရေး ဆရာဖြစ်သူ အက်ဒ်ရှီရန်းက သူသည် သီချင်းရေးစပ်ပေးလိုသော်လည်း ကိုယ်တိုင်ဝင်ရောက်၍ ယှဉ်ပြိုင်မည် မဟုတ်ကြောင်းကိုလည်း ပြောဆိုခဲ့သည်။

 “Eurovision ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်သီချင်းကို ကျနော်ရေးစပ်ပေးချင်ပါတယ်။ ကျနော်ဝင်ရောက်ယှဉ်ပြိုင် မလားဆိုတာကတော့ ကျနော်လည်းမသိသေးပါဘူး။ဒါပေမယ့် ဥရောပတစ်တိုက်လုံးဟာ အင်္ဂလန်ရဲ့သမိုင်း အစဉ်အလာနဲ့ တစ်ခြားကိစ္စရပ်တွေကြောင့် ဒီပြိုင်ပွဲမှာ ကျနော်တို့ကိုအနိုင်ရရှိစေချင်မယ်လို့ ကျနော်ကတော့ မထင်ပါဘူး” ဟု အက်ဒ်ရှီရန်းက Brit Award ပေါ့ပ်ဂီတဆုပေးပွဲသို့ တက်ရောက်စဉ်တွင် ပြောဆိုခဲ့သည်။

အက်ဒ်ရှီရန်၏ နောက်ဆုံးထွက်ရှိထားသော သီချင်းအယ်လ်ဘမ် ÷ (Divide) သည် ကမ္ဘာတစ်ဝန်း၌ အောင်မြင် မှုများရရှိခဲ့ပြီး ဒိန်းမတ်၊ ပြင်သစ်၊ အီတလီ၊ နော်ဝေ၊ ဆွီဒင်နှင့် ဆွစ်ဇာလန် စသည့်ဥရောပနိုင်ငံအသီးသီး၌ ၂၀၁၇ ခုနှစ်၏ ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်တစ်ချပ်ဖြစ်ခဲ့သည်။

ယခုနှစ်၏ Eurovision ပြိုင်ပွဲကို ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့၌ လာမည့်မေလတွင်ကျင်းပမည်ဖြစ်ပြီး ဗြိတိန် ကိုယ်စားပြုအဆိုတော်အဖြစ် တော်ဝင်ဂီတအကယ်ဒမီမှ ကျောင်းဆင်းတစ်ဦးဖြစ်သော SuRie က သီဆိုယှဉ် ပြိုင်မည်ဖြစ်သည်။

ဗြိတိန်အနေဖြင့် Eurovision သီချင်းဆိုပြိုင်ပွဲ၌ အနိုင်မရရှိတော့သည်မှာ လွန်ခဲ့သော ၁၉၉၇ ခုနှစ်ကတည်းက ဖြစ်ပြီး ဆယ်စုနှစ် ၂ စုကျော်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags